Popular Posts

Thursday, June 18, 2015

အရောင်းအဝယ် အေးနေသော ကျောက်ဈေးကွက်

ရန်ကုန်မြို့ရှိ ကျောက်မျက် ရတနာ ဈေးကွက်၌ လက်ရှိတွင် ရွှေဈေးမှာ တစ်နေ့ထက် တစ်နေ့ ပိုမိုမြင့်တက် နေသော်လည်း ၄င်းနှင့်အတူ တွဲဖက် ဝတ်ဆင်သော ကျောက်မျက် ရတနာများ၏ ဈေးကွက်မှာ အေးစက်နေကြောင်း သိရသည်။ ''အခုချိန်မှာ ကျောက်မျက် ရတနာတွေက ဘယ်ကျောက်မှ အရောင်းအဝယ် သိပ်မရှိပါဘူး။ ရွှေထည်နဲ့ တွဲပြီး ပြုလုပ်ထားတဲ့ ကျောက်ကလေး တစ်လုံး ပြုတ်သွားလို့ ပြန်တပ်ဖို့ ဝယ်ယူတာက လွဲပြီး အရောင်းအဝယ် မရှိသလောက်ကို အေးနေပါတယ်။ ဈေးဦး မပေါက်တဲ့ ရက်တွေလည်း ရှိပြီး ဆိုင်သိမ်းခါနီးတဲ့ အချိန်ရောက်မှ အနည်းငယ် လောက် ရောင်းရတဲ့ နေ့တွေလည်း ရှိပါတယ်။ အရင်လို အရောင်းအဝယ် မသွက်ပါဘူး'' ဟု ကျောက်များ သီးသန့် ရောင်းဝယ်နေသော ဒေါ်သန်းသန်းအေး က ပြောသည်။ ယခုအချိန်တွင် တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံရှိ ကျောက်ဈေးကွက် များပင် အရောင်းအဝယ် အေးစက် နေခြင်းကြောင့် ရန်ကုန်မြို့ရှိ ဈေးကွက် များမှာလည်း ရောင်းဝယ်မှု နည်းပါးကာ အေးစက် နေကြောင်း သိရသည်။ ရွှေဈေးများ တရိပ်ရိပ် တက်လာပြီး ကျောက်မျက် ဈေးကွက် မှာ ယခု မေလဆန်းပိုင်းမှ စတင်၍ အရောင်းအဝယ် ပါးခဲ့ကြောင်း သိရသည်။ ထိုအထဲမှ စိန်နှင့် ကျောက်စိမ်း ရတနာများသာ အရောင်းအဝယ် ရှိနေပြီး တခြားကျောက် အမျိုးအစား များမှာ ဝယ်ယူမှု နည်းပါး နေကြောင်း သိရသည်။ အဆိုပါ ကျောက်များကို ဝယ်ယူမှု နည်းပါး နေသော်လည်း တနိုင်းဒေသမှ ထွက်ရှိသော ပယင်းကျောက်များ ကို တရုတ် နိုင်ငံသား များက အဓိက ဝယ်ယူ ကြိုက်နှစ်သက်ပြီး ဝယ်လို အားများကာ ဈေးနှုန်း များသည် ၄င်းပယင်းကျောက် အတွင်း ဝင်ရောက် သေဆုံးလျက် ရှိသော အင်းဆက်ပိုး ကောင်များ၏ ပုံစံပေါ် မူတည်၍ ဈေးနှုန်းမြင့်မား နေကြောင်း သိရသည်။ ယင်းကျောက်များကို အရိုင်းတုံး သာမက အချောတုံးနှင့် တခြားပုံစံစုံ လုပ်ထား သမျှလည်း အရောင်းသွက်လျက် ရှိကြောင်း သိရသည်။

No comments:

Post a Comment