Popular Posts

Tuesday, June 16, 2015

နိုင်ငံပေါင်း ၁၀၀ မှ ကလေးငယ်များကို ISIS စစ်သွေးကြွအဖွဲ့ စုဆောင်းလျက်ရှိ

ISIS စစ်သွေးကြွ များသည် ၄င်းတို့အဖွဲ့ အခြေစိုက် လှုပ်ရှားနေသည့် နိုင်ငံများ အတွင်း၌ အကြမ်းဖက် တိုက်ခိုက်မှုများ ပြုလုပ်ရန် အတွက် နိုင်ငံပေါင်း ၁ဝဝ မှ ကလေးငယ် များကို စစ်သွေးကြွ အဖွဲ့ဝင်သစ်များ အဖြစ် စုဆောင်းလျက် ရှိကြောင်း အီရတ် ဝန်ကြီးချုပ် ဟိုင်ဒါ အယ်လ်အဘာဒီ က ဇွန် ၁၅ ရက်တွင် ပြောကြားသည်။ နိုင်ငံပေါင်း ၁ဝဝ မှ ကလေးငယ် များကို အကြမ်းဖက် တိုက်ခိုက်မှုများ ပြုလုပ်ရန် အတွက် ISIS စစ်သွေးကြွ အဖွဲ့က စုဆောင်းမှုများ ပြုလုပ်လျက် ရှိကြောင်းနှင့် လူသတ်မှုများ ကျူးလွန်ရန် အတွက် ကလေးငယ် များကို အသုံးချ ခြင်းသည် စက်ဆုပ် ရွံရှာဖွယ် ကောင်းသည့် ရာဇဝတ်မှု တစ်ခုဖြစ်ကြောင်း ဝန်ကြီးချုပ် အယ်လ်အဘာဒီ က ပြောကြားသည်။ ISIS စစ်သွေးကြွ များသည် ၂ဝ၁၅ ခုနှစ် အတွင်းတွင် ဆီးရီးယား နိုင်ငံတွင်းရှိ ကလေးငယ် အနည်းဆုံး ၄ဝဝ ခန့်ကို ၄င်းတို့၏ အဖွဲ့ဝင်သစ် များအဖြစ် စုဆောင်း ခဲ့ကြောင်း၊ ထို့ပြင် ၄င်းကလေးငယ် များကို အစွန်းရောက် အတွေးအခေါ် များကို အသုံးပြု၍ စစ်ရေး လုပ်ဆောင် မှုများကို လေ့ကျင့် သင်ကြား ပေးခဲ့ကြောင်း၊ တပ်ဖွဲ့ဝင်သစ် အဖြစ် ၄င်းတို့ စုဆောင်းထားသည့် ကလေး အားလုံးမှာ ၁၈ နှစ်အောက် အရွယ်များ ဖြစ်ကြောင်း လန်ဒန် အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေး ဆိုင်ရာ လေ့လာ စောင့်ကြည့်ရေး အဖွဲ့ တစ်ဖွဲ့က မတ်လ အတွင်းက ပြောကြားသည်။ ကလေးငယ်များအား အကြမ်းဖက်မှု လုပ်ငန်းများ လုပ်ဆောင်ရန် စုဆောင်း နေသည့် ISIS စစ်သွေးကြွ များ၏ လုပ်ရပ်ကို လူသား မဆန်သည့် ရက်စက် ကြမ်းကြုတ်မှု လုပ်ရပ်အဖြစ် ဝေဖန် ရှုတ်ချရန် အီရတ် ဝန်ကြီးချုပ် က ကုလသမဂ္ဂသို့ တောင်းဆို ခဲ့ကြောင်း သိရသည်။

အမျိုးသားတွေအတွက် နွေရာသီမှာ သန္ဓေအောင်နိုင်ချေများ

ရာသီ ရဲ့ ရှည်ကြာလွန်းတဲ့နေ့ အချိန်တွေနဲ့ ပူပြင်းမှုတွေဟာ ကဗျာ ဆန်ခြင်းတွေကို ဖြစ်ပေါ်စေခဲ့ပါတယ်။ နွေရာသီဟာ ဇနီးမောင်နှံတွေအတွက် ကလေးယူ ဖို့ အဖြစ်နိုင်ဆုံး အချိန်ဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက ယုံကြည်လိုက်ကြပါတယ်။ သုတေသီတွေ ရှာဖွေတွေ့ရှိခဲ့တာကတော့ အမျိုးသားတွေရဲ့ သုတ်ပိုးတွေဟာ နွေရာသီ လ တွေမှာ ပိုပြီး လှုပ်ရှားနိုင်ကြတယ်ဆိုတာပါပဲ။ ဒါဟာ Testosterone လိုမျိုး ဟော်မုန်း ပမာဏ ပြောင်းလဲမှုတွေနဲ့ သက်ဆိုင်နေတယ်လို့တော့ သုတေသီတွေက ဆွေးနွေးထားကြပါတယ်။ ဇနီးမောင်နှံ ၆ တွဲမှာ ၊ တစ်တွဲ လောက်က မျိုးမအောင်တဲ့ ပြသနာ ကို ရင်ဆိုင်နေရပါတယ်။ ဒါဟာ အမျိုးသားတွေရဲ့ မျိုးမအောင်မှုမှာ အများဆုံး တာဝန်ရှိနေပြီး မျိုးပွား ဖြစ်စဉ်ကို အောင်မြင်အောင်မစွမ်းဆောင်နိုင်တာဟာလည်း အမျိုးသားတွေရဲ့ သုတ်ပိုး လှုပ်ရှားနိုင်မှု (Motality) အားနည်းနေလို့ ဖြစ်ပါတယ်။ သန္ဓေအောင်ဖို့အတွက် မျိုးဥ နဲ့ မပေါင်းစပ်ခင်မှာ သုတ်ပိုးတွေဟာ သားအိမ် ၊ သားအိမ် ပြွန် ၊ သားအိမ်ခေါင်းတို့ ကို ဖြတ်သန်းလာရပါတယ်။ အဲဒီလို ဖြတ်သန်းတဲ့ အချိန်မှာ လျင်မြန်စွာ ဖြတ်သန်းနိုင်စွမ်းကို သုတ်ပိုးလှုပ်ရှားနိုင်မှု (Motality)လို့ ခေါ်တာဖြစ်ပါတယ်။ သုတ်ပိုးလှုပ်ရှားနိုင်မှု အားနည်းလာခြင်းဟာ သုတ်ပိုးကို မျိုးဥ ဆီ ရောက်နိုင်ဖို့ အခက်အခဲ ဖြစ်စေပါတယ်။ အမျိုးသားတွေဟာ သုတ်ပိုးရဲ့ ၄၀ ရာခိုင်နှုန်း ခန့် လှုပ်ရှားနိုင်ရုံနဲ့ သန္ဓေအောင်နိုင်ပါတယ်။ အီတလီနိုင်ငံ ပါးမား တက္ကသိုလ် ဆေးရုံ က ဆရာဝန်တွေဟာ အမျိုးသား ပေါင်း ၅၁၈၈ ယောက်ရဲ့ အချက်အလက်တွေကို စုဆောင်းခဲ့ပါတယ်။ သူတို့တွေတွေ့ရှိခဲ့ကြတာကတော့ အမျိုးသားတွေရဲ့ သုတ်ပိုး လှုပ်ရှားနိုင်မှု ( motality ) ဟာ နွေရာသီမှာ အားကောင်းပြီး မိုးရာသီ မှာ အားနည်းတတ်ပေမယ့် မိုးရာသီမှာတော့ သုတ်ပိုး ပမာဏ ကို များပြားစေနိုင်ပါတယ်။

ဆော်ဒီ တိုက်လေယာဉ်များက ပဒေသာဗုံး များကို အသုံးပြု၍ ယီမင်နိုင်ငံအတွင်း လေကြောင်းမှ တိုက်ခိုက်

ဆော်ဒီ တိုက်လေယာဉ် များသည် တားမြစ်ထားသည့် လူအမြောက်အမြား ကို သေစေနိုင်သော Cluster Bomb ဗုံးစကြာ (ခေါ်) ပဒေသာဗုံး များကို အသုံးပြု၍ ယီမင်နိုင်ငံရှိ ပြည်နယ်နှစ်ခု အတွင်းသို့ လေကြောင်းမှ တစ်ဆင့် တိုက်ခိုက်ခဲ့ကြောင်း Press TV သတင်းဌာန က ယမန်နေ့တွင် သတင်း ထုတ်ပြန်ခဲ့သည်။ ဆော်ဒီ ဦးဆောင်သည့် အဆိုပါ တိုက်လေယာဉ် များသည် ဟဂျာပြည်နယ် အနောက် မြောက်ပိုင်း ဟာရာဒက်ရှက်မြို့ အတွင်းသို့ ဇွန် ၁၅ ရက်က လေကြောင်းမှ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ယင်း တိုက်ခိုက်မှု အတွင်း ဒေသခံငါးဦး သေဆုံးပြီး ၁ဝ ဦးဒဏ်ရာ ရရှိခဲ့ကြောင်း ထုတ်ပြန်ချက် အရ သိရသည်။ ထို့ပြင် အဆိုပါ တိုက်လေယာဉ် များသည် ဟာဒီဒါပြည်နယ် တာအီဇ်မြို့ တစ်ဝန်းသို့ လေကြောင်းမှ တိုက်ခိုက်ခဲ့ရာ အမျိုးသမီး လေးဦး နှင့် ကလေးငယ်များ အပါအဝင် လူ ၁၂ ဦးခန့် သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိ ခဲ့ကြောင်း သိရသည်။ အဆိုပါ ဗုံးကြဲ တိုက်ခိုက်မှု များသည် ယီမင်နိုင်ငံ အတွင်းရှိ သွေးချောင်းစီး တိုက်ခိုက်မှု များကို အဆုံးသတ် နိုင်ရေးအတွက် နည်းလမ်းသစ်များ ရှာဖွေရန် ဆွစ်ဇာလန် နိုင်ငံ ဂျီနီဗာမြို့တွင် ကုလသမဂ္ဂ အဖွဲ့က ဦးဆောင်သည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ကျင်းပနေစဉ် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Harry Kane ကို မခေါ်ယူသင့်ဘူးလို့ မန်ယူ ကစားသမားဟောင်း Andy Cole ဆို

မန်ချက်စတာယူနိုက်တက် အသင်းရဲ့ ဂန္တ၀င် ကစားသမားကြီး Andy Cole က Harry Kane ဟာ တော့တင်ဟမ် အသင်းကနေ မန်ယူ အသင်းကို ပြောင်းဖို့ အဆင်သင့်ဖြစ်နေပြီ ဆိုတာကို သံသယ ရှိနေတယ်လို့ ဆိုပါတယ်။ မန်ယူ ဟာ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ဘောလုံးရာသီမှာ တော့တင်ဟမ် အသင်းအတွက် ၃၁ ဂိုး သွင်းပေးနိုင်ခဲ့တဲ့ ခြေတက် လူငယ် ကစားသမား တစ်ယောက်ဖြစ်ပြီး Harry Kane ကို ခေါ်ယူဖို့အတွက် လည်း မန်ယူ အသင်းက စတာလင်ပေါင် သန်း၄၀ နဲ့ ကမ်းလှမ်းထားပါတယ်။ လက်ရှိ အင်္ဂလန် ယူ-၂၁ အသင်းနဲ့ အတူ ဥရောပ ချန်ပီယံရှစ်ပ် ပြိုင်ပွဲ ၀င်ပြိုင်နေတဲ့ Kane ဟာ လက်ရှိ အင်္ဂလန် အသင်းမှာလည်း အကောင်းဆုံး လူငယ်ကစားသမား တစ်ယောက်ဖြစ်နေပါသေးတယ်။ ဒါပေမယ့်လည်း မန်ယူ မှာ ၈ နှစ်တိတိ တိုက်စစ်မှုး အဖြစ် ကစားပြီး ၁၂၁ ဂိုး တိတိ သွင်းယူပေးခဲ့တဲ့ ဂန္တ၀င် ဘောလုံးသမားကြီး Andy Cole ယုံကြည်ထားတာကတော့ အသက် ၂၁ နှစ်အရွယ် တိုက်စစ်မှုး Kane အတွက် မန်ယူအသင်းရဲ့ သက်သေပြနေမှုတွေက အရမ်းများနေတယ်ဆိုတာပါပဲ။ Andy Cole အနေနဲ့ တစ်ကယ်ယုံကြည်နေတာက မြို့ခံ ပြိုင်ဘက် အသင်းဖြစ်တဲ့ မန်စီးတီး အသင်းရဲ့ တိုက်စစ်မှုး Sergio Aguero သာလျှင် ပရီးမီးယားလိဂ် ရဲ့ အကောင်းဆုံး တိုက်စစ်မှုး တစ်ယောက်ဖြစ်ပြီး မန်ယူ အသင်းအနေနဲ့ Aguero ကို ပဲ စတာလင်ပေါင် သန်း ၆၀ လောက်ပေးပြီး ခေါ်ယူလိုက်တာ ပိုကောင်းမယ်လို့ Cole က ထင်နေပါတယ်။ ဒါ့အပြင် မန်ယူ နည်းပြ အသစ် Louis van Gaal ရဲ့ အသင်းကို စတင်ကိုင်တွယ်တဲ့ ဘောလုံးရာသီဟာ ခက်ခဲမယ်ဆိုတာကို Cole က ၀န်ခံထားပြီး Van Gaal အနေနဲ့ လက်ရှိတိုက်စစ်မှုးတစ်ယောက်ဖြစ်တဲ့ Radamel Falcao ရဲ့ အငှားစာချုပ်ပြည့်သွားပြီဖြစ်သလို Van Persie လည်း အသင်းက ထွက်ခွာသွားမယ်ဆိုရင်တော့ သူတို့ နေရာမှာ အစားထိုးနိုင်မယ့် တိုက်စစ်မှုး မျိုးကို ခေါ်ယူသင့်တယ်လို့လည်း Andy Cole က မှတ်ချက်ပြုခဲ့ပါတယ်။

မစ်ဆိုင်းဒုံးတွေ ထပ်ဖြည့်မယ့် ရုရှားကို နေတိုး ရှုတ်ချ

ကမ္ဘာ့တိုက်ကြီးတွေ အကြား အကွာအဝေး ပစ်ခတ်နိုင်တဲ့ ပဲ့ထိန်း မစ်ဆိုင်းဒုံးတွေနဲ့ ရုရှား နိုင်ငံရဲ့ နျူကလီးယား လက်နက်ပမာဏကို ဖြည့်တင်းသွားမယ့် အစီအစဉ်အပေါ် နေတိုးအဖွဲ့နဲ့ အနောက်အုပ်စု နိုင်ငံတွေက ဝေဖန် ပြောဆိုလိုက်ပါတယ်။ အနည်းဆုံး ကီလိုမီတာ ၅ ထောင်ကျော် အကွာအဝေးကို ပဲ့ထိန်းစနစ်နဲ့ လှမ်းပစ်နိုင်တဲ့ မစ်ဆိုင်းဒုံးပေါင်း ၄၀ ကျော်လောက်ကို အခုနှစ်အတွင်း ရုရှားအစိုးရက ထပ်ဖြည့်မယ်လို့ ရုရှားသမ္မတ ပူတင်က ထုတ်ဖော် ကြေညာခဲ့အပြီးမှာ ဒီလုပ်ရပ်ဟာ ရုရှား နျူကလီးယား လက်နက်တိုက် ပိုကြီးထွားလာအောင် လုပ်တဲ့ လုပ်ရပ် ဖြစ်တယ်ဆိုပြီး နေတိုးအဖွဲ့ကြီးက ရှုတ်ချ ပြောဆိုလိုက်ပါတယ်။ ဥရောပ အရှေ့ပိုင်းဒေသက နေတိုးအဖွဲ့ဝင် နိုင်ငံတွေမှာ စစ်အင်အားတွေ တိုးချထားဖို့ အမေရိကန်က အဆိုပြုခဲ့အပြီးမှာ သမ္မတ ပူတင်က အခုလို ထုတ်ဖော် ကြေညာခဲ့တာပါ။ သမ္မတ ပူတင်ရဲ့ ကြေညာချက် နောက်ကွယ်မှာ ဘာအကြံအစည် ရှိတယ်ဆိုတာ မှန်းရ ခက်ပေမယ့် အကျိုးဆက်တွေကို သတိထား စောင့်ကြည့်ရမယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး John Kerry က ပြောပါတယ်။ နေတိုး အတွင်းရေးမှူးချုပ် Jens Stoltenberg ကတော့ ဒီကိစ္စကြောင့် အန္တရာယ်ရှိတဲ့ မတည်မငြိမ် အနေအထားကို ရောက်လာနိုင်တယ်လို့ ပြောပါတယ်။ ဒါ့ကြောင့်လည်း အခုအခါ နေတိုး တပ်ဖွဲ့တွေကို အသင့်အနေအထား ဖြစ်အောင် ပြင်ဆင်မှုတွေ ပိုလုပ်နေတာလို့ ဆိုပါတယ်။ သမ္မတ ပူတင်ကတော့ ရုရှားရဲ့ ပိုင်နက်နယ်မြေကို ခြိမ်းခြောက်မှုတွေ ရှိလာမယ် ဆိုရင် အဲဒီ ခြိမ်းခြောက်တဲ့ နိုင်ငံကို ရုရှားတို့ဘက်က လက်နက်ကိုင် တပ်ဖွဲ့တွေ၊ ခေတ်မှီ စစ်လက်နက်ကြီးတွေနဲ့ ပြန်လည် တုန့်ပြန်ရမှာ ဖြစ်တယ်၊ တခြား ရွေးစရာ နည်း မရှိဘူး ဆိုပြီး တုန့်ပြန် သတိပေးလိုက်ပါတယ်။ နေတိုးနဲ့ အနောက်အုပ်စု နိုင်ငံတွေက ရုရှားဟာ ယူကရိန်း အရှေ့ပိုင်းက ခွဲထွက်ရေး သူပုန်တွေကို တင့်ကားတွေ မစ်ဆိုင်းဒုံးတွေ အပါအဝင် လက်နက်ကြီးတွေ၊ တပ်ဖွဲ့ဝင်တွေ ထောက်ပံ့ပေးနေတယ် ဆိုပြီး စွပ်စွဲနေတာပါ။ ရုရှားကတော့ ဒီစွပ်စွဲချက်တွေကို အကြိမ်ကြိမ် ငြင်းဆိုခဲ့ပြီး အဲဒီမှာ တိုက်နေတဲ့ ရုရှားတွေဟာ ကိုယ့်သဘောနဲ့ ကိုယ် သွားတိုက်နေကြတာလို့ ပြောပါတယ်။ သမ္မတ ပူတင် လက်ထက်မှာ ရုရှားဟာ ကာကွယ်ရေး အသုံးစရိတ်တွေကို အခိုင်အမာ တိုးမြှင့် သုံးစွဲခဲ့ပြီး ရုရှား ကာကွယ်ရေး စနစ်ကို ခေတ်မှီ တိုးတက်အောင် လုပ်ဖို့ စီမံကိန်းကြီးတခုနဲ့ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ မော်စကိုမှာ ရှိတဲ့ ဘီဘီစီ သတင်းထောက် Sarah Rainsford ကတော့ အခု ဒီတာဝေးပစ် မစ်ဆိုင်းဒုံးတွေဟာ ခေတ်မှီနည်းပညာအရ အစားထိုးဖို့ လုပ်တာ ဖြစ်ပြီး နောက်ထပ် နျုကလီးယား လက်နက်သစ်တွေ ထပ်စုဆောင်းတာ မဟုတ်ကြောင်းနဲ့ သမ္မတ ပူတင်ရဲ့ ထုတ်ဖော် ကြေညာမှုဟာ အမေရိကန်ကို ဦးတည်နေတယ် ဆိုတာ သိသာ ထင်ရှားနေတယ်လို့ သုံးသပ်ထားပါတယ်။

ဆူပူမှုရှောင်ရှားဖို့ ဟောင်ကောင်အကြီးအကဲ သတိပေး

တရုတ်နိုင်ငံရဲ့ အုပ်ချုပ်မှုအောက်မှာရှိတဲ့ ဟောင်ကောင်မှာ ရွေးကောက်ပွဲ ကျင်းပရာမှာ ပြုပြင်ပြောင်းလဲမှုနဲ့ ပတ်သက်ပြီး အငြင်းပွားဖွယ်ရာ ဆုံးဖြတ်ချက်မချမီ အချိန်ကာလအတွင်း ဆူပူမှုတွေ တိုးလာနိုင်စရာ ရှိနေတယ်ဆိုတဲ့ စိုးရိမ်မကင်းဖြစ်မှုတွေနဲ့ ပတ်သက်ပြီး ဟောင်ကောင် ထိပ်တန်းခေါင်းဆောင်က သတိပေးလိုက်ပါတယ်။ အကြမ်းဖက်သည်ဖြစ်စေ အကြမ်းမဖက်သည်ဖြစ်စေ မည်သိ တရားမ၀င်တဲ့ လုပ်ဆောင်မှုကိုမှ သည်းခံမှာ မဟုတ်တဲ့အကြောင်း ဟောင်ကောင်အုပ်ချုပ်ရေး အကြီးအကဲ Leung Chun-ying က အပတ်စဉ် အင်္ဂါနေ့ ရုပ်သံလွှင့် အစီအစဉ်ကနေ ပြောသွားပါတယ်။ သိုလှောင်ထားတဲ့ ဓာတုပစ္စည်းတွေကို သိမ်းဆည်းရမိတဲ့အပြင် ဖောက်ခွဲပစ္စည်းတွေ ထုတ်လုပ်ဖို့ ပူးပေါင်းကြံစည်တဲ့ မသင်္ကာမှုနဲ့ လူ ၁၀ ယောက်ကို ဟောင်ကောင်ရဲတပ်ဖွဲ့က ဒီသီတင်းပတ်အတွင်းမှာ ဖမ်းဆီးခဲ့ပါတယ်။ သူတို့အပေါ် စွဲချက်တင်ခြင်း မရှိသေးတဲ့အပြင် ဗုံးဖောက်ခွဲဖို့ ကြံစည်တဲ့ စွပ်စွဲမှုနဲ့ ပတ်သက်ပြီးတော့လည်း အာဏာပိုင်တွေက အချက်လက် အနည်းငယ်ကိုသာ ထုတ်ဖော် ပြောကြားခဲ့ပါတယ်။ ဟောင်ကောင်အကြီးအကဲ ရာထူးအတွက် ဟောင်ကောင်သားတွေ ရွေးကောက်တင်မြှောက်ခွင့်ပြုတဲ့ တရုတ်အစိုးရထောက်ခံတဲ့ အစီအစဉ်နဲ့ ပတ်သက်ပြီး ဟောင်ကောင် လွှတ်တော်အမတ်တွေက အခု သီတင်းပတ်အတွင်း မဲခွဲ ဆုံးဖြတ်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့လို့ ၀င်ရောက် ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေကို တရုတ်အစိုးရအပေါ် သစ္စာရှိသူတွေ ကြီးစိုးတဲ့ ကော်မတီတရပ် အရင် အတည်ပြုပေးဖို့ လိုအပ်တာဖြစ်ပါတယ်။ အတိုက်ခံပါတီ အမတ်အများစုက ဒီအစီအစဉ်ဟာ အတုယောင် ဒီမိုကရေစီလို့ ဝေဖန်လိုက်ပြီး ကန့်ကွက်မယ်လို့ အလေးအနက် ပြောကြပါတယ်။ ဒါကြောင့် ဒီအဆိုပြုချက်ဟာ အတည်ဖြစ်ဖို့ လိုအပ်တဲ့ ထောက်ခံမဲ သုံးပုံ နှစ်ပုံ ရရှိနိုင်ဖို့ ခက်ခဲနိုင်ပါတယ်။

Petr Cech ဘယ်ကို ပြောင်းမှာလည်း?

လက်ရှိ ချဲလ်ဆီး အသင်းမှာ နေရာမရ ဖြစ်နေတဲ့ Petr Cech ရဲ့ ဂိုး နည်းပြ Christophe Lollichon က ချဲလ်ဆီး ရဲ့ ဂန္တ၀င် ကြယ်ပွင့်ဟာ အာစင်နယ် ကို ပြောင်းလိုတဲ့ ဆန္ဒရှိနေတယ်လို့ ယုံကြည်နေပါတယ်။ အာစင်ဝင်းဂါးကလည်း အသက် ၃၃ နှစ်ရှိနေပြီဖြစ်တဲ့ ချဲလ်ဆီး ဂိုးသမား Petr Cech ကို စတန်းဖို့ဒ်ဘရစ်ခ်ျ ကွင်းကြီးကနေ အီမရိတ် ကွင်း ကို ဒီတစ်ပတ် ထဲ ခေါ်ယူဖို့အတွက်လည်း ယုံကြည်မှု ရှိနေပါပြီ။ Petr Cech နဲ့ ဆယ်နှစ်ကျော်လောက် အလုပ်တွဲလုပ်ခဲ့တဲ့ Lollichon ကတော့ ချန်ပီယံ အသင်းရဲ့ နံပါတ် ၂ ဂိုးသမား ကို အာစင်နယ် အသင်းအနေနဲ့ ခေါ်ယူနိုင်မယ်ဆိုတာကိုလည်း ယုံကြည်နေပါတယ်။ "သူ့ရဲ့မိသားစု ဟာ အင်္ဂလန်ကို နှစ်သက်ပါတယ်။ သူ့ရဲ့ မိသားစု ပျော်နေရင် ကစားသမားလည်း ပျော်ပါတယ်။ သူဟာ အင်္ဂလန်မှာနေချင်နေပါတယ်။ ဒါပေမယ့် ဆွေးနွေးမှုတွေဘယ်ရောက်နေလဲဆိုတာတော့ မသိပါဘူး။ ကောင်းတာတစ်ခုက အာစင်နယ် ဟာ ထိပ်တန်း အသင်းတစ်သင်းဖြစ်ပြီး လန်ဒန်တစ်မြို့ထဲဖြစ်နေတဲ့အတွက် သူ့အတွက်ပို အဆင်ပြေပါတယ်" လို့ Lollichon ကဆိုပါတယ်။ ချဲလ်ဆီး ရဲ့ မန်နေဂျာ Jose Mourinho ကတော့ Petr Cech တစ်ယောက် အာစင်နယ် အသင်းသို့ ပြောင်းမယ့် ကိစ္စကို တားဆီးသွားမယ်လို့တော့ ပြီးခဲ့တဲ့ အပတ်ကပဲ ပြောထားပါတယ်။ ဒါပေမယ့်လည်း အသင်းရဲ့ ပိုင်ရှင် Abramovich ကတော့ Petr Cech ရဲ့ အသင်းအတွက် တာဝန်ထမ်းဆောင်ပေးခဲ့မှုတွေအတွက် သူ့အနေနဲ့ အသင်းကထွက်ခွာလိုတဲ့ ဆန္ဒရှိရင်မတားဖို့ Mourinho ကိုပြောထားပါတယ်။ လက်ရှိမှာ မန်ယူ အသင်းကလည်း ဂိုးသမား David De Gea တစ်ယောက် ရီးရဲမက်ဒရစ် အသင်းကို ပြောင်းရွှေ့တော့မှာ ဖြစ်တဲ့အတွက် Petr Cech ကို ခေါ်ယူဖို့လည်း စိတ်ဝင်စားနေပေမယ့် တော့တင်ဟမ် အသင်းရဲ့ ဂိုးသမား Hugo Lloris ကိုလည်း ခေါ်ယူချင်နေပါတယ်။ ဒါကြောင့် တော့တင်ဟမ်ကလည်း ဂိုးသမား လိုအပ်ကောင်းလိုအပ်နိုင်တာမို့လို့ Petr Cech ကိုလည်း မျက်စိကျနေတာဖြစ်ပါတယ်။ Petr Cech ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာဟာ အာစင်နယ် ၊ မန်ယူ ၊ တော့တင်ဟမ် တို့သာမကပဲ ပြင်သစ် ကလပ်အသင်းဖြစ်တဲ့ ပီအက်စ်ဂျီ အသင်းကလည်း စိတ်ဝင်စားနေပါသေးတယ်။ ဒါပေမယ့် Petr Cech ကတော့ ပြောင်းတဲ့အခါမှာလည်း ပရီးမီးယားလိဂ်မှာ ပဲ ဆက်လက်ကစားလိုတဲ့ ဆန္ဒရှိနေပါတယ်။

မြန်မာ့ဆေးဖက်ဝင် လောက်သေပင်

Item Name ------ Desmodium triquetrum DC(လောက်သေပင်) Category --------- Raw Material Botany Term ----- Desmodium triquetrum DC Species Family --- Papilionaceae. မြန်မာ နိုင်ငံ အောက်ပိုင်း စွတ်စို သော ဒေသ များ ၌ ပေါက်၏။သဘာဝ အလျောက် ပေါက်ရောက်သည်။ ►အပင် ပင်ပျော့ ပင်ငယ် သက်ပြင်း မျိုး ဖြစ်သည်။ မှီတွယ် ရာမရှိ သော နေရာများ ၌ မြေပေါ်တွင် ဖြန့်တွား ပေါက်၏ ။ အမြင့် ၅-၆ ပေခန့် မြင့်၏။ ပင်စည် သေးသွယ် ပြီး မွဲခြောက်ခြောက် ရောင်ရှိသည်။ အကိုင်း အခက် များ အညိုရောင် ရှိသည်။ ►အရွက် ရွက် လွဲ ထွက်၏။ အလျား ၆ လက်မ ၊ အနံ ၂ လက်မ ခန့် ရှိ၏။ ရွက်ထိပ် ချွန်၏ ။ အပေါ် မျက်နှာ ပြင်တွင် သေးငယ်သော ဆူးကလေးများ ရှိသည်။ ရွက်ညှာ အတောင် ပါသည်။ ရွက်ညှာရင်း နား တွင် ရွက်စွယ် အဖတ်လေး များ ရှိ၏ ။ ►အပွင့် အလွန်သေး ငယ် ၏။ နီရောင် သမ်းသော အညိုရောင် သို့မဟုတ် မရန်းရောင် ရှိ၏။ နတ်တော်၊ ပြာသိုလ များ တွင် ပွင့် ၏။ ►အသီး သီးတောင့် ဖြစ်သည်။ ၁ လက်မမျှ ရှည်၍ ပြား၏ ။ ၁ လက်မ မျှ ရှည်၍ ပြား၏။အဆစ် ၆-၈ ထိရှိ ပြီး ပြောင်ချော ၏ ။ သို့မဟုတ် အမွေးနု များ ရှိသည်။ တပေါင်း ၊ တန်ခူး လများ တွင် အသီး ရင့် မှည့်သည်။ ►အသုံးဝင်ပုံ အမြစ် ၊ အရွက် ။ ►အာနိသင် မြန်မာ ဆေးကျမ်း များ အလိုအရ လောက်သေ ပင် သည် လေ ၊ သလိပ် သည်းခြေကို နိုင်၏ ။ အသက်ကို ရှည်စေ ၏ ။ ကာမကို အားပေး ၏ ။ ရောဂါ ဖြစ်စေသော ပိုး များ ကို ပယ်တတ် ၏ ။ အဆီကို တိုးပွား စေ ၏ ။ အူတို့ ကို တွန့်ရှုံ့ စေတတ် ၏ ။ အဖျား ရောဂါ ၊ အဖျား ရောဂါ ကြောင့် ဖြစ်သော စိတ်မသက်သာ မှု ၊ လေရောဂါ၊ မြင်းသရိုက် ၊ ဖောရောင်ခြင်း ၊ပန်းနာ ချောင်းဆိုး ၊ ရေငတ်နှင့် အန်ခြင်း တို့ကို ပျောက်စေနိုင် သည်။ ►အမြစ်အသုံးပြုပုံ ၁။ ဆီးတွင် သွေးပါသော ရောဂါ အတွက် အမြစ်ကို ငရုတ်ကောင်း အနည်းငယ် ထည့်ကျိုပြီး ဆီးပြွန် ချောင်းမှ ၎င်း ပြုတ်ဆေး ကို ဖန်ပြွန် ပိုက် စသည်ဖြင့် သွင်းပေး သော် ပျောက်၏။ ►အရွက်အသုံးပြုပုံ ၁။ အရွက် မနုမရင့် ကို ပြုတ်၍ သုပ်စား ခြင်း ၊ တို့စား ခြင်း ဖြင့် ၀မ်းကိုက် ရောဂါ ၊ ၀မ်းဖော ၀မ်းရောင် ရောဂါ ၊ ကလေးများ သန်ဝမ်းကိုက် ခြင်း၊ ရင်ပြည့်ရင်ကယ် ဖြစ် ခြင်း ပျောက်၏ ။ ၂။ အရွက်ကို လက်ဖက် ခြောက် ကဲ့သို့ သောက်သုံး သော် ဆီးပူ ဆီးအောင့် ရောဂါ နှင့် အရေပြား ရောဂါ ပျောက်၏။ ၃။ ၎င်းအရွက် ကို အခြားသော ဆေးပင် တို့နှင့် ပေါင်းစပ်၍ ဆီးရွှင် ဆေးအဖြစ် ဖော်စပ် သုံးနိုင်သည်။ ၄။ လောက်သေရွက် နှင့် ထားဝယ် မှိုင်း ရွက် ကို ရေနွေး ဖြော ၍ သုပ်စား သော် ဆီးပူ ၊ ဆီးအောင့် ၊ ၀မ်းကိုက် ၊ သွေးဝမ်းသွား ၊ သွေးမြင်း သရိုက် ၊ မီးယပ် သွေးလွန် တို့ကို ရပ်တန့် စေသည်။ ၅။ လောက်သေ ရွက်ခြောက် ၊ ဖလံ တောင် ဝှေး ရွက်ခြောက် တို့ကို ဆတူ အမှုန့် ပြု ၍ အုန်းဆီ နှင့် ဖျော် စပ်ပြီး နေပူပူ တွင် လှန်း၍ အပေါ် ဆီအကြည်ကို နားတွင်း သို့ အစက်ချ ခြင်း၊ ကြက်တောင်နှင့် ကြပ်ပေးခြင်း ပြုလုပ်ပါက နားပြည်ယို ၊ နားကိုက် ရောဂါ များ ပျောက်ရန် နားတွင်း ရှိ ပိုးများကို သေစေသည်။ လိမ်းဆေး အဖြစ် သုံးပါက ၀ဲနာ၊ အနာစက်နာ ၊ အနာမီးလျှံ ၊ အိုင်းနာ ၊ ဒက်နာများ ပျောက်၏။ ၆။ လောက်သေရွက် ၊ စံကားစိမ်း ပွင့်ခြောက် တို့ကို နှမ်းဆီ စစ်စစ်နှင့် စိမ်ပြီး ခေါင်းလိမ်းဆီ အဖြစ် သုံးပါက ခေါင်းကိုက် ၊ ခေါင်းပူ ၊ ဗောက်ထခြင်း ၊ ယားခြင်း ၊ သန်းပေါခြင်း များ ပျောက်၍ ဦးနှောက် ကို ကြည်လင် စေသည်။ ၇။ လောက်သေရွက် နှင့် ဆောက်ပြာရွက် ၂ မျိုးကို ပြုတ်၍ ရေနွေးနွေး ဖြင့် မီးဖွား ပြီး နောက် မိခင် ကို လည်းကောင်း ၊ ကလေးကို လည်းကောင်း ချိုးပေးပါက ကျဗဟုံး ရောဂါ ၊ မွေးကတည်း က ပါလာတတ်သော သူငယ်နာ မျိုးစုံ ၊ အကြောတက် ၊ အကြောကပ် ရောဂါနှင့် မိဘကိုယ်မှ ကူးစက်တတ် သော ရောဂါ များကို ကာကွယ်နိုင် ၏။ ၈။ လောက်သေရွက် ကို ကိုယ်ပူ ချွဲထ ၊ အညှော်ဝင် ၊ ချောင်းဆိုး နှာစေး ၊ နှာပိတ် ရောဂါ အတွက် လည်း ဆေးဖော် စပ်သုံးနိုင် ၏ ။ ၉။ လောက်သေရွက် ၊ ရေခရာ ရွက် ၊ နနွင်း ရိုးရိုး အရွက် ဆတူ အကျွမ်း လှော်၍ နှမ်းဆီတွင် ဖျော် လိမ်းပါက ကလေးများ ချက်ကြိုး ချက်တိုင် ကိုက်ခြင်း ပျောက်၍ ချက်ကြိုး ကြွေလွယ်၏ ။ နို့ချောင်း ပိတ် ၊ နို့နာ ၊ နို့ပျဉ်းထ သော မိခင် များကို လိမ်းပေးက လျင်မြန်စွာ သက်သာ ပျောက်ကင်း စေ၏။ ၁၀။ ကလေးများ အနာစက် ၊ ၀ဲစို ၊ အိုင်းနာ ကို လောက်သေရွက် အကျွမ်းလှော်၍ ရေနံကြီး စစ် စစ် နှင့် လူးလျှင် ပျောက်၏ ။ ၁၁။ ကျွဲ နွား များ အနာပေါက်၍ လောက်ကောင် များကျခြင်း ၊ ငပိအိုး တွင် လောက်ကောင်များ ကျခြင်း အတွက် ၎င်း လောက်သေရွက် ကို ထောင်း၍ အမှုန့်ဖြူး ပေးသော် လောက်များ သေကြေ ပျက်စီး ပြီး အနာများ ကို လည်း အသားနု တက်၍ ကျက်စေ၏။ ၁၂။ စအို မျှော့ ၀င်ကာ ရောဂါ အတွက် လောက်သေရွက် ၊ ကြွက်နား ပေါင်းရွက်၊ ကြက်မွေး(ကြက်တောင် မှ အမွေး) ၎င်း ၃ ပါး ဆတူ စု၍ ပြုတ်ပြီး အငွေ့ကို ချွေးအောင်း သကဲ့သို့ အိုးပေါ်တွင် ထိုင်ပြီး အခိုး အငွေ့ များ အခြား သို့ မထွက် နိုင်ရန် ခါးအောက်ပိုင်း နှင့် အိုးကို ပါ အ၀တ်ထူ ထူ ရစ်ပတ်၍ အငွေ့ မှိုင်း ခံပါက မျှော့များ အကောင် လိုက်သော် လည်းကောင်း၊ ကြေပြုတ်၍ သော်လည်းကောင်း ကျလာစေ ၏ ။ လောက်သေရွက် နှင့် ကြွက်နားပေါင်း ဆတူပြုတ် ၍ လက်ဖက်ရည် ကြမ်းပန်းကန်လုံး နှင့်လည်း ခပ်ပူပူ သောက်ပေးရ ၏။

ထိုင်းနယ်စပ် စစ်ရေးတင်းမာမှု ၀ နှင့် မိုင်းလား အထူးဒေသသို့ ကယက်ရိုက်

သျှမ်းပြည်အရှေ့ပိုင်း ထိုင်းနယ်စပ်အနီး ၀ တပ်ဖွဲ့ နှင့် အစိုးရ တပ်တို့ စစ်ရေးပြေလည်မှု မရှိခင် အထူး ဒေသ (၂) ၀ နယ် နှင့် အထူးဒေသ (၄) မိုင်းလား အထိ ကယက်ရိုက်ကာ စစ်ရေးပြင်ဆင် မှု များပြုလုပ် နေေ ကြာင်း ဒေသခံများကပြောသည်။ သစ်တောကြိုးဝိုင်းအတွင်း သစ်ထုပ်လုပ်မှု ပြဿနာကြောင့် သျှမ်းပြည် အရှေ့ပိုင်း မိုင်းတုံ၊ ပုံပါကျင် နှင့် မိုင်းဆတ်မြို့နယ် အတွင်း ဝ တပ်ဖွဲ့ နှင့် အစိုးရ တပ်မတော် တို့အကြား စစ်ရေးတင်းမာမှုကြောင့် တရုတ် နယ်စပ်နေ အထူးဒေသ (၂) ၀ ထိန်းချုပ် နယ်မြေ နှင့် အထူးဒေသ (၄) မိုင်းလား တပ် ထိန်းချုပ် နယ်တွင် လည်း စစ်ရေးပြင်ဆင်မှုရှိနေကြာင်း ဒေသခံ များက ပြော သည်။ “တောတောင်ထဲ ခြံသွားခုတ်နေတဲ့ တပ်သားအားလုံးတပ်တွင်းပြန်ပြီး အသ င့်ပြင် ထားဖို့ပြောတယ်။ ဒီကနေ့ အထိဘဲ၊ ဘယ်မှ မသွားခိုင်းသေးဘူး။ ကျနော်တို့ တပ်မဟာ ၄၆၈ အပါအဝင် အားလုံးဘဲ၊ ဘာ့ကြောင့်လဲ ဆိုတာေ တာ့ မသိ ဘူး” - ဟု ၀ တပ်သား ယီ့ဆုတ် ကပြောသည်။ အဆိုပါ ကိစ္စအား ၀ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် ပြောရေးဆိုခွင့် ဦးအောင်မြင့်အား ဆက်သွယ် မေးမြန်းသော်လည်း ဖုန်းဖြေ ဆိုခြင်း ငြင်းဆိုခဲ့ သည်။ တာချီလိတ် နှင့် မိုင်းဆတ်ခရိုင်အတွင်း စစ်ရေးလှုပ်ရှားမှု အချို့ရှိနေသော် လည်း ၀ နှင့် မိုင်းလား အထူး ဒေသ အနီးသို့ စစ်ရေးထူးခြားလှုပ်ရှားမှု မရှိကြောင်း တြိဂံတိုင်း အသိုင်းအဝိုင်းက ဤကဲ့သို့ပြောသည်။ “၁၃ ရက်နေ့တုန်းကတော့ ၂၄ နာရီအတွင်း ၀ တပ်ဖြန့်ထားမှု အားလုံး ရုပ် သိမ်းပြီး နေရပ်ပြန်ဖို့ စကခ ၁၄ က ညွှန်ကြား။ ၁၄ ရက်နေ့ ညနေပိုင်း မှာ ၀ တွေ မိုင်းဆတ် - တာချီလိတ်ကြား (မိုင်းဆတ်အထွက် ၁၀ မိုင် အလွန် မိုင်းတွမ်းအနီး) လွယ်ဆမ်ဆုမ် တောင်ကြားကနေ တပ်ဆုတ်ပြန်တော့ အခြေအနေက နည်းနည်း လေး ပြေလျှော့သွားပြီ ၊ မိုင်းတုံ - ပုံပါကျင်ဘက် မှာလဲ နှစ်ဘက်စလုံး က လူထုသွားလာဖို့ ခွင့်ပြုလိုက်ပြီ” - ဟု သျှမ်းသံတော် ဆင့်သို့ပြောသည်။ ၀ တပ်ဖွဲ့ နှင့် မြန်မာအစိုးရ တို့သည် ၁၉၈၉ ခုနှစ်ကတည်းက ငြိမ်းချမ်းရေး တည်ဆောက်ထားသည့် အဖွဲ့ ဖြစ်သည်။ စစ်ရေးမတည်ငြိမ်မှုများကြောင့် စစ်ရေးတင်းမာမှုများရှိခဲ့ဖူးသော်လည်း ငြိမ်းချမ်းရေး ပျက်ပြယ် သွားသည့်အဆင့် မရှိခဲ့ဖူးပေ။

U 23 မြန်မာအသင်းကို ဒေါ်အောင် ဆန်းစုကြည် ချီးကျူး

အရှေ့တောင်အာရှ ၂၈ ကြိမ်မြောက် SEA Games ဘောလုံး ဗိုလ်လုပွဲမှာ ထိုင်းအသင်းကို ယှဉ်ပြိုင်ကစား ခဲ့တဲ့ မြန်မာ ယူ ၂၃ အသင်းကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ ချီးကျူးဂုဏ်ပြု လိုက်ပါတယ်။ နေပြည်တော်လွှတ်တော်အစည်းအဝေး တက်ရောက်လာစဉ်မှာ မနေ့ညက ရွှေတံဆိပ်ဆု ဆွတ်ခူးဖို့ မြန်မာနဲ့ ထိုင်းအသင်း ဗိုလ်လုပွဲကို အစအဆုံး ကြည့်ခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ "ဘယ်တုန်းကမှ ဘောလုံးပွဲကို တယ်လီဗေးရှင်းကနေ အစကနေအဆုံး မကြည့်ဖူးဘူး။ မနေ့ကဘဲ အစကနေအဆုံးကြည့်တယ်။ ကျေနပ်ပါတယ်၊ ဒီလောက်တက် လာတာလေ။ တော်တော်ကို တော်တယ်လို့ ဒီလိုဘဲပြောရမှာဘဲ ဘာဖြစ်လို့လဲဆိုတော့ အန်တီတို့ နိုင်ငံက ဒီလို စကစားတာ သိပ်မှမကြာသေးဘဲ..." မနေ့ညက ဗိုလ်လုပွဲမှာ ထိုင်းအသင်းက မြန်မာအသင်းကို ၃ ဂိုး ၊ ဂိုးမရှိနဲ့ အနိုင်ရသွားခဲ့ပြီး မြန်မာအသင်းက ဒုတိယ ငွေတံဆိပ်ဆု ဆွတ်ခူးရရှိခဲ့ပါတယ်။ ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်အပါအ၀င် မြို့ကြီးတွေမှာ မြန်မာနဲ့ ထိုင်းအသင်းကို ဒေသခံပရိတ်သတ်တွေက LED Screen တွေကနေ ကြည့်ရှုအားပေးခဲ့ကြပါတယ်။

ထိုင်းအစိုးရက ထီလက်မှတ်ဈေးတင်ရောင်းချခြင်းကို အရေးယူမှုစတင်

ထိုင်းအစိုးရ ထီလက်မှတ်များကို သတ်မှတ်ဈေးထက် အဆမတန်ရောင်းချနေသူများကို ထိုင်းအစိုးရက ယခုအပတ်မှ စတင်ကာ အရေးယူအပြစ်ပေးမှုများ စတင်လုပ်ဆောင်နေသည့်အတွက် ထိုင်းတစ်နိုင်ငံလုံး တွင် ထီလက်မှတ်များကို အဆမတန် ရောင်းချနေမှုများ ရပ်ဆိုင်းသွားပြီးဖြစ်သည်။ အစိုးရသတ်မှတ်ဈေးမှာ ထီလက်မှတ်တစောင်လျှင် ထိုင်းဘတ်ငွေ ၈၀ ဖြစ်သော်လည်း တဆင့်ပြန်လည် ရောင်းချသူများက တစောင်လျှင် ထိုင်းဘတ်ငွေ ၁၀၀ မှ ၁၂၀ ခန့် ပြန်လည်ရောင်းချနေသောကြောင့် ထိုင်း အစိုးရက ပြည်သူများကို သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချရန် အမိန့်ထုတ်ပြန်လိုက်ခြင်းဖြစ်ပြီး ဈေးတင် ရောင်းချသူများကို အနည်းဆုံး ထောင်ဒဏ် ၁လနှင့် ငွေဒဏ်များ ချမှတ်လျှက်ရှိသည်။ ထိုင်းနိုင်ငံဘဏ္ဍာနှင့် အခွန်ဦးစီးဌာနမှ အရာရှိတဦးဖြစ်သူ နိုင်အေကချိုင်းက “ဒီအပတ်ထွက်မဲ့ ထီလက်မှတ်ကနေစပြီး အစိုးရက သတ်မှတ်လိုက်တာဖြစ်တယ်။ အစိုးရသတ်မှတ်ဈေးအတိုင်း ရောင်းတာ တောင်မှ ရောင်းချသူတွေအနေနဲ့ ထီတစောင်ကို အမြတ်ငွေ ၈ဘတ်ရရှိမှာဖြစ်တဲ့အတွက် အဆမတန် ဈေး တင်ရောင်းတာကို အစိုးရက ကန့်သတ်လိုက်တာဖြစ်တယ်”ဟု ပြောသည်။ ထိုင်းနိုင်ငံတွင် ထီလက်မှတ်များ ဈေးတင်ရောင်းချသူများကို ယခုရက်ပိုင်းအတွင်း ထိုင်းအစိုးရက ဖမ်းဆီး အရေးယူမှုများရှိခဲ့သည်ကို သတင်းဌာနများက ထုတ်လွှင့်ပြသခဲ့ပြီး တနိုင်ငံလုံးရှိ ထီအရောင်း ဈေးကွက်များတွင်လည်း သက်ဆိုင်ရာမှ စောင့်ကြည့်ရေးအဖွဲ့များထားရှိကာ ဈေးတင်ရောင်းချမှုများ တွေ့ရှိ ပါက မည်သူမဆို ရဲစခန်းများသို့ အကြောင်းကြားနိုင်သည်ဟု ကြေညာချက်ထုတ်ပြန်ထားသည်။ မြန်မာထီဝါသနာရှင်တဦးဖြစ်သည့် ကိုသိန်းရွှေက “ကျနော်က မြန်မာနဲ့ ထိုင်းထီကို အပတ်စဉ်ကံစမ်းပါ တယ်။ ထိုင်းနဲ့မြန်မာထီနှစ်မျိုးစလုံးကို အစိုးရကနေ တရားဝင်သတ်မှတ်ထားတဲ့ ဈေးထက်ကို အဆမတန် ဈေးနဲ့ကံစမ်းနေရတာ နှစ်ပေါင်းမနည်းတော့ဘူး။ ထိုင်းထီကို သူတို့အစိုးရကနေ ကန့်သတ်လိုက်သလို မြန်မာနိုင်ငံက ထီဈေးကိုလည်း အစိုးရက သတ်မှတ်ပေးနိုင်ရင်ကောင်းမယ်”ဟု သုံးသပ်ပြောဆိုသည်။ မြန်မာထီလက်မှတ်တစောင်၏ အစိုးရသတ်မှတ်ဈေးမှာ ကျပ် ၂၀၀ ဖြစ်သော်လည်း ပြင်ပတွင် မြန်မာထီ လုပ်ငန်းရှင်များ ပြန်လည်ရောင်းချနေသည့်ဈေးမှာ သတ်မှတ်ဈေးနှုန်း၏ နှစ်ဆခန့်ဖြစ်သည်ဟု ထီဝါသနာ ရှင်များက ဆိုသည်။ ထိုင်းအစိုးရထီသည် တစ်လလျှင် နှစ်ကြိမ်ထွက်ရှိပြီး ပထမဆုကြီးမှာ ထိုင်းဘတ်ငွေ ၄သန်းဖြစ်ပြီး တစ်လ တစ်ကြိမ်ထွက်သည့် မြန်မာအစိုးရထီ၏ ပထမဆုမှာ ကျပ်သိန်း ၁၅၀၀ ဖြစ်သည်။

ချဲလ်ဆီးအသင်းနဲ့ Radamel Falcao တို့အကြား ပုဂ္ဂိုလ်ရေး သဘောတူညီမှုရရှိ

Radamel Falcao ဟာ ချဲလ်ဆီးအသင်းနဲ့ ပုဂ္ဂိုလ်ရေးဆွေးနွေးရာမှာ သဘောတူညီမှု ရရှိသွားပြီဖြစ်ပါတယ်။ ဒါကြောင့် ချဲလ်ဆီး အသင်းအနေနဲ့ အသက် ၂၉ နှစ်အရွယ် ကိုလံဘီယာ နိုင်ငံသား တိုက်စစ်မှုး Falcao ကို ခေါ်ယူဖို့အတွက် မိခင်ကလပ် အသင်းဖြစ်တဲ့ မိုနာကို အသင်းနဲ့ ပြောင်းရွှေ့ကြေးဆိုင်ရာ ငွေကြေး ကိစ္စတွေမှာ ဆက်လက်ဆွေးနွေးသွားဖို့သာ ကျန်တော့မှာပါ။ ချဲလ်ဆီးအသင်းဟာ Falcao ကို နှစ်ရှည် အငှားစာချုပ်နဲ့သာ ခေါ်ယူချင်နေတာဖြစ်ပြီး အမြဲတမ်းအတွက် သေချာတဲ့ သဘောတူညီမှု တော့ ဆွေးနွေးမှု ရလဒ်တွေမှာပါဝင်လာခြင်းမရှိပါဘူး။ ဒါပေမယ့် မိုနာကို အသင်းကတော့ မန်ယူက Falcao ကို အငှားစာချုပ် ပြည့်သွားပေမယ့် စာချုပ်ချုပ် မခေါ်ယူခဲ့တဲ့နောက်မှာ ပိုမိုကောင်းမွန်တဲ့ သဘောတူညီမှုတွေကိုသာ လိုချင်နေပါတယ်။ Falcao ရဲ့ လက်ရှိ လုပ်အားခမှာ တစ်ပတ်ကို စတာလင်ပေါင် ၂၆၅,၀၀၀ ပေါင် ခံစားခွင့်ရှိနေပေမယ့်လည်း သူဟာ လုပ်အားခ ဖြတ်တောက်ခံရဖို့ကလည်း သဘောတူထားပါတယ်။ အကြောင်းအရင်းကတော့ Falcao ဟာ ပရီးမီးယားလိဂ်မှာ ပဲ ဆက်လက်တဲ့ ကစားလိုတဲ့ ဆန္ဒရှိနေပြီး လန်ဒန်ကို ပြောင်းဖို့ ကြိုးစားနေတဲ့အတွက် ဖြစ်တယ်လို့ Mirror သတင်းဌာန က မတ်လကတည်းက ဖော်ပြခဲ့ဖူးပါတယ်။ မိုနာကို အသင်းကတော့ ချဲလ်ဆီးအသင်းကို Falcao အတွက် ငှားရမ်းခ များများပေးဖို့ နဲ့ နောက်နှစ်မှာ စတာလင်ပေါင်သန်း ၃၀ နဲ့ Falcao ကို ခေါ်ယူဖို့အတွက် ဖိအားတွေပေးနေတယ်လို့ သိရပါတယ်။

ဘယ်လ်ဂျီယံ နိုင်ငံမှာ လမ်းလျှောက်ရင်း စာရိုက်နိုင်မယ့် Text Walking Lane များကို စတင် ဖန်တီး ပြုလုပ်ပေးထား

သင့် ရဲ့ စမတ်ဖုန်းနဲ့ သင် ခဏလေးတောင်ခွဲနေလို့ မရတော့ဘူးဆိုရင်တော့ ဖြေရှင်းလို့ အဆင်ပြေဆုံး ဖြစ်မယ့် နည်းလမ်းက ဘယ်လ်ဂျီယံ နိုင်ငံ ကို သွားလိုက်ပါ။ အနာဂတ် အတွက် ကြိုတင် တွေးဆ မျှော်မှန်းထားတဲ့ ဥရောပနိုင်ငံ ဘယ်လ်ဂျီယံ ဟာ စမတ်ဖုန်း ပရိတ်သတ်တွေအတွက် အကောင်းဆုံးနည်းလမ်းကို ဖန်တီးပေးလိုက်ပါတယ်။ အဲဒါကတော့ လမ်းလျှောက်ရင်းလည်း စမတ်ဖုန်းနဲ့ စာတို(SMS) ပို့နေတတ်တဲ့ လူတွေအတွက် စာရိုက်ရင်းလမ်းလျှောက်နိုင်တဲ့ လမ်းကြောင်း (Text Walking Lane) ပဲ ဖြစ်ပါတယ်။ ဘယ်လ်ဂျီယံ နိုင်ငံ Antwerp မြို့ မှာ ပြည်သူတွေ ဖုန်းနဲ့ စာရိုက်ရင်း လမ်းလျှောက်နိုင်မယ့် လမ်းကြောင်း ကို လူသွားလမ်းတွေရဲ့ အလယ်မှာ ဖန်တီး ပြုလုပ်ပေးလိုက်ပါပြီ။ ဘယ်လ်ဂျီယံ နိုင်ငံက Antwerp မြို့ဟာ တရုတ်နိုင်ငံက Chongqing မြို့ နဲ့ အမေရိကန် ပြည်ထောင်စု က Washington DC တို့လိုပဲ ပြည်သူ ပိုင်နေရာတွေဟာ အခြား လမ်းလျှောက် သွား လေ့ရှိသူတွေနဲ့ စမတ်ဖုန်းတွေအတွက် လုံခြုံမှု မရှိဘူး ဆိုတာကို သိခဲ့ပါပြီ။ ဘယ်လ်ဂျီယံ နိုင်ငံက စမတ်ဖုန်း ကျွမ်းကျင်သူ တစ်ယောက်ဖြစ်တဲ့ MLab ဟာ လူတွေ လမ်းလျှောက်ရင်း စာရိုက်တဲ့အခါမှာ တစ်ယောက် ကို တစ်ယောက် ၀င်တိုက်မိကြပြီး ဖုန်းတွေ ပြုတ်ကျတတ်တယ်ဆိုတာကို ရှာဖွေတွေ့ရှိ ခဲ့တယ်လို့ Bored Panda သတင်း ဌာန က ဖော်ပြထားပါတယ်။ အဲဒီနောက်မှာတော့ စမတ်ဖုန်း မျက်နှာပြင်တွေ ၊ ခလုတ် တွေ နဲ့ ကိုယ်ထည်တွေ ပျက်စီးသွားတတ်ပါတယ်။ အမှန်တစ်ကယ်တော့ အဲဒီ စာရိုက်ရင်းလမ်းလျှောက်နိုင်တဲ့ လမ်းကြောင်း ဟာ MLab ရဲ့ ဟာသ ပြုလုပ်ပြောခဲ့တဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပေမယ့်လည်း ပြည်သူတွေကတော့ ထို လမ်းကြောင်းတွေကို အသုံးပြုနေကြပါပြီ။

ICC အလိုရှိတဲ့ ဆူဒန်သမ္မတ တောင်အာဖရိကက ထွက်ခွာ

လူမျိုးတုံး သတ်ဖြတ်မှု စွဲချက်နဲ့ အလိုရှိနေတဲ့ ဆူဒန် သမ္မတ Omar al-Bashir က ဥပဒေကြောင်း အရ ကန့်သတ်မှုတွေကို အာခံပြီး တောင်အာဖရိက နိုင်ငံ ကနေ လေကြာင်းနဲ့ ထွက်ခွာ သွားပြီ ဖြစ်ပါတယ်။ သူ့ကို ဖမ်းဆီးပြီး ICC နိုင်ငံတကာ ရာဇဝတ် တရားရုံးကို လွှဲပြောင်း ပေးဖို့ သင့်မသင့် ဂျိုဟန် နက်စ်ဘာ့ဂ် မြို့က တရားရုံးမှာ ကြားနာ နေဆဲ ဖြစ်ပါတယ်။ ICC က အဆင့်မြင့် ရှေ့နေ တစ်ယောက် ဖြစ်တဲ့ Julian Nicole ကတော့ ဆူဒန် သမ္မတကို ဖမ်းဆီးဖို့ ပျက်ကွက်ခဲ့တဲ့ တောင်အာဖရိက နိုင်ငံမှာလည်း တာဝန်ရှိတယ်လို့ ပြောပါတယ်။ ဆူဒန် သမ္မတ အိုမာ အယ်လ် ဘရှား ဟာ အာဖရိက သမဂ္ဂ ထိပ်သီး ညီလာခံ တက်ဖို့ အတွက် တောင်အာဖရိကမှာ ရောက်နေခဲ့တာ ဖြစ်ပါတယ်။ ထိပ်သီး အစည်းအဝေး လက်ခံ ကျင်းပတဲ့ တောင်အာဖရိက နိုင်ငံဟာ ICC အဖွဲ့ဝင် နိုင်ငံ ဖြစ်တဲ့အတွက် မစ္စတာ အယ်လ်ဘရှား ကို ဖမ်းဆီး ထိန်းသိမ်းဖို့ ICC ရဲ့ တောင်းဆို ချက်ကို လိုက်နာဖို့ ဥပဒေ အရ တာဝန် ရှိတာပါ။ တနင်္ဂနွေ္နွနေ့ကတော့ သူ့ကို ဖမ်းဆီးမှုနဲ့ ပတ်သက်လို့ ဆုံးဖြတ် မပြီးမချင်း တောင်အာဖရိက ကနေ မထွက်ခွာဖို့ တရားသူကြီး တစ်ယောက်က တားမြစ် ခဲ့ပါတယ်။

သင်္ဘောဖျက်ဒုံးကျည်များ စမ်းသပ်ပစ်ခတ်မှု မြောက်ကိုရီးယား ခေါင်းဆောင်ကြည့်ရှု

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်သည် မကြာသေးမီက ပြုလုပ်သည့် သင်္ဘောဖျက်ဒုံးကျည်အမျိုး အစားသစ်များ စမ်းသပ်ပစ်ခတ်မှုကို ကြည့်ရှုခဲ့ကြောင်း မြောက်ကိုရီးယားဗဟိုသတင်းဌာန(ကေစီအမ်အေ)က သတင်း ထုတ်ပြန်ခဲ့ကြောင်း ယနေ့ဆင်ဟွာသတင်းတွင် ဖော်ပြသည်။ ယင်းဒုံးကျည်များသည် အလွန်ခေတ်မီသော လက်နက်များဖြစ်ပြီး ကိုရီးယားပြည်သူ့တပ်မတော်၏ ရေတပ်ဖွဲ့တွင် ဖြန့်ကြက်တာဝန်ချထားကြောင်း၊ သို့ရာတွင် ယင်းဒုံးကျည်သစ်များကို မည်သည့်နေ့ရက်က မည်သည့်ဒေသတွင် ပစ်ခတ် စမ်းသပ်သည်ကိုမူ သတင်းတွင် ဖော်ပြခြင်း မရှိပေ။ စွမ်းရည်မြင့်မားသော အဆိုပါဒုံးကျည်များသည် သတ်မှတ်ထားသည့်အမြင့်သို့ အောင်မြင်စွာ ပျံသန်းတက်ရောက် သွားပြီး ရန်သူ့စစ်သင်္ဘောအား တိကျစွာတိုက်ရိုက်ထိမှန်အောင် ပစ်ခတ်နိုင်စွမ်းရှိသည်ဟု ကေစီအန်အေသတင်းတွင် ဖော်ပြသည်။မြောက်ကိုရီးယားနိုင်ငံသည် ¤င်း၏ ကေအန်-ဝ၁ အမျိုးအစား တာတိုပစ်ဒုံးကျည်များဟု ဇွန် ၁၄ရက်က ၎င်းနိုင်ငံ၏အရှေ့ဘက်ကမ်းခြေရှိ အဓိကဆိပ်ကမ်းမြို့ဝန်ဆန်မှ ပင်လယ်အတွင်းသို့ ၂၆မိနစ်ကြာ ပစ်ခတ်ခဲ့ကြောင်း တောင်ကိုရီးယားပြည်တွင်းမီဒီယာများက ဖော်ပြသည်။

ဒေသတွင်းလူထုအသံမြင့်တင်ရန် တောင်ကြီး၌ ပြည်သူ့ဖိုရမ် ကျင်းပ

သျှမ်းပြည်မြို့တော် တောင်ကြီးမြို့၌ သျှမ်းပြည်နယ်(တောင်ပိုင်း) ပြည်သူ့ဖိုရမ် တရပ်ကို ၃ ရက်ကြာ ကျင်းပခဲ့ သည်။ ပြည်သူ့ဖိုရမ်ကို ဂျာမဏီနိုင်ငံမှ Hanns Seidel Foundation နှင့် မြန်မြာ ပည်သူ့ ဖိုရမ်တို့ ဦးစီးပြီး တောင်ကြီးမြို့ မြို့တော်ခန်းမ၌ ဂျွန်လ ၁၂ ရက်နေ့မှ ၁၄ ရက်နေ့အထိ သုံးရက်ကြာ ကျင်းပခဲ့သည်။ ပြည်သူ့ဖိုရမ်ကို သျှမ်းပြည်ေ တာင်ပိုင်းရှိ အစိုးရဌာနဆိုင်ရာအဖွဲ့အစည်း၊ အရပ်ဖက်အဖွဲ့အစည်း စုစုပေါင်း အဖွဲ့အစည်း ၁၅၀ ကျော်မှ အင်အား ၂၈၀ ကျော် တက်ရောက်ခဲ့သည်။ ပြည်သူ့ဖိုရမ်တွင် အဓိက ခေါင်းစဉ်ကြီး ၄ ခုဖြစ်သော ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးရေး၊ တရားမျှတမှုနှင့်လူ့အခွင့်အရေး၊ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးဆိုသည့် ကဏ္ဍလေးရပ်ခွဲခြားကာ အလုပ်ရုံဆွေးနွေးပွဲပေါင်း ၁၄ ခု ကျင်းပခဲ့သည် ဟု ဆို၏။ “ခေါင်းစဉ်ကြီး ၄ ခုအတွက် တက်ရောက်လာသူတွေရဲ့ အကြုံပြုချက်တွေကို ရယူတယ်။ တောင်းဆိုမဲ့အချက် တွေက သက်ဆိုင်ရာအစိုးရ က သေချာေ ပါက် လုပ်ပေးနိုင်မဲ့ အကြံပြုချက်တွေ ဖြစ်သင့်တယ်။ တချို့တောင်းဆို ချက် တွေက အစိုးရလုပ်ရတာမဟုတ်ဘဲ ကိုယ်လုပ်ရတဲ့အလုပ်တွေ ဘဲ ပြန်ဖြစ်သွား တတ်တယ်။ ကျနော်တို့ အခွင့်သာခိုက်မှာ ဒီလိုတောင်း ဆိုချက်တွေကို အောင်မြင်စွာမထုတ်နိုင်ရင် ကျနော်တို့ ဒီအခွင့်အရေး ဆုံးရှုံး သွား မှာစိုးလို့ တော်တော်လေး တိုက်တွန်းရပါတယ်” ဟု သျှမ်းပြည် တောင် ပိုင်း ပြည်သူ့ဖိုရမ် ဖြစ်မြောက်ရေး အလုပ်အမှုဆောင် ဦးနေမျိုး က ပြော ပါသည်။ ပြည်သူ့ဖိုရမ် ကျင်းပရခြင်း ရည်ရွယ်ချက်မှာ ဒေသတွင်းပြည်သူ လူထုနှင့် ဒေ သတွင်း အရပ်ဘက်လူမှုအဖွဲ့ အစည်းများ၏ အသံကို မြင့်တင်ရန်၊ ဆုံးဖြတ် ချက်ချမှတ်ရေးလုပ်ငန်းစဉ်များတွင် ပြည်သူလူထု ပါဝင်ဆောင်ရွက်မှုကို အားပေးမြင့်တင်ရန်၊ ပြည်ထောင်စုအစိုးရနှင့် တိုင်ဒေသကြီး/ပြည်နယ် အစိုး ရတို့ထံမှ ပြည်သူလူထုကို ဗဟိုပြုသော မူဝါဒများကို အထောက် အကူပြု ရန်၊ ဒေသတွင်းအုပ်ချုပ်ရေးရုံးမများနှင့် ပြည်သူလူထုအကြား ထိ ရောက် အကျိုးပြုသော တွေ့ဆုံဆွေးနွေးမှုများဖြင့် ပေါင်းကူးဆက်သွယ်ပေးရန်- တို့ဖြစ်သည်။

မြေဧက ၃သောင်း မြို့သစ်စီမံကိန်း ရန်ကုန်လွှတ်တော်အတည်ပြု

ရန်ကုန်မြို့ကြည့်မြင်တိုင်တစ်ဖက်ကမ်း ဆိပ်ကြီးခနောင်တို၊ ကော့မှုး၊ တွံတေး စတဲ့မြို့နယ်တွေက မြေဧက ၃၀၀၀၀ မှာ မြို့သစ်စီမံကိန်း အကောင်အထည်ဖော်ဖို့ ဒီကနေ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာဆွေးနွေးရာ အများစုက ထောက်ခံခဲ့တဲ့အတွက် စီမံကိန်း အကောင်အထည်ဖော်ဖို့ အတည်ပြုခဲ့ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေက လျှို့ဝှက်မဲပေးစနစ်နဲ့ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး ထောက်ခံသူများပြားတဲ့အတွက် အတည်ခဲ့ဖြစ်ကြောင်း အဲဒီစီမံကိန်းကို ကန့်ကွက်ခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါက် တာ ဒေါ်ညိုညိုသင်းက ပြောပါတယ်။ "ကျမတို့ ဆွေးနွေးတဲ့ အကြောင်းအရာကတော့ အဆိုတင်သွင်းသွားတဲ့ ကိုယ်စားလှယ်ရဲ့ အလို အရရော ထောက်ခံဆွေးနွေးတဲ့ ကိုယ်စားလှယ် ၆ ဦးအရရောပေါ့နော်၊ မနှစ်က စက်တင်ဘာလမှာ ရန်ကုန်တိုင်းအစိုးရက ပြန်လည်ရုပ်သိမ်းသွားတဲ့ ကြည့်မြင်တိုင်တစ်ဖက်ကမ်း ဆိပ်ကြီး ခနော်တို ကော့မှူး ရန်ကုန်မြို့ရဲ့ အနောက်တောင်ပိုင်းဒေသတွေပေါ့နော်၊ မြေက သုံးသောင်းဧရိယာပေါ့နော် ရန်ကုန်မြို့ သစ်စီမံကိန်းကို ဒါအတည်ပြုပေးသွားတာပေါ့နော်၊ မြို့တော်ဝန်ကလည်း ဘယ်သူနဲ့လုပ်မယ် ဘာနဲ့လုပ်မယ်ဆိုတာ ဘာမှတိတိကျကျပြောသွားတာမရှိဘူး" ပြီးခဲ့တဲ့နှစ် စက်တင်ဘာလတုန်းက အဲဒီစီမံကိန်းကို အကောင်အထည်ဖော်ဖို့ လွှတ်တော်မှာဆွေးနွေးခဲ့ပြီး ပွင့်လင်းမြင်သာမှုမရှိဘူးလို့ လွှတ်တော်ကိုယ်စားလှယ်တချို့နဲ့ သတင်းမီဒီယာတွေက ဝေဖန်ထောက်ပြ ခဲ့တာတွေကြောင့် ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က သူ့ရဲ့အဆိုကို ပြန်လည်ရုပ်သိမ်းခဲ့တာ ဖြစ်ပါတယ်။ အခုတစ်ကြိမ်မှာတော့ အဲဒီမြို့သစ်စီမံကိန်း အကောင်အထည်ဖော်ဖို့အတွက် ကြည့်မြင်တိုင်မြို့နယ်က တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်လွင်က တင်သွင်းခဲ့တာဖြစ်ပါတယ်။ ဒီစီမံကိန်းဟာ အရေးကြီးတဲ့အတွက် လွှတ်တော်ကိုယ်စားလှယ် အားလုံးရဲ့ဆန္ဒကို ရယူချင်တယ်ဆိုပြီး လွှတ်တော်ဥက္ကဌက လျှို့ဝှက်မဲပေးစနစ်နဲ့ မဲခွဲဆုံးဖြတ်ခဲ့ရာမှာ လွှတ်တော်ကိုယ်စားလှယ်တစ်ရာကျော်ရှိရာမှာ တစ်ရာက ထောက်ခံခဲ့ကြတဲ့အတွက် အတည်ဖြစ်သွားခဲ့ပါတယ်။

ရန်ကုန်မြို့ မိုးသည်းထန်၍ ယာဉ်ကြောပိတ်ဆို့ လျှပ်စစ်ပြတ်တောက်

ယနေ့ညနေ ၃ နာရီခန့်က ရန်ကုန်မြို့၌ မိုးသည်းထန်စွာ ရွာ သွန်းမှုကြောင့် ယာဉ်ကြော ကျပ်တည်းမှုများ နေရာအနှံ့ အပြားတွင်ဖြစ်ပေါ်ခဲ့ပြီး မိုးနှင့် အတူ လေပြင်းတိုက်ခတ်မှုကြောင့် မြို့နယ်၊ ရပ်ကွက်အချို့၌ လျှပ်စစ် ဓာတ်ကြိုးများ ပြတ်တောက်မှုတို့ ဖြစ်ပေါ်ခဲ့သည်။ ''ဒီနေ့မိုးရွာတာ သည်းထန်ပြီး ရေတော်တော်ပါတယ်။ မထင်မှတ် ဘူး။ ဒီလောက် မိုးရေပါမယ်လို့ တောင်မထင်ရဘူး။ ပြီးတော့ မိုးရွာပြီး ရုံးဆင်းချိန်လည်းဆိုတော့ ရန်ကုန် မြို့ နေရာအတော်များများမှာ ယာဉ်ကြောကျပ်တည်းမှုတွေ ဖြစ်တာ တွေ့ရတယ်။ ကျွန်တော်တို့လမ်းမှာဆို ဓာတ်ကြိုးပြတ်တောက်မှုတွေဖြစ်ပြီး မီးတောင်မရတော့ဘူး''ဟု တာမွေ သမိန်ဗရမ်းလမ်း၌ နေထိုင်သည့် ဦးမိုးသူက ပြောကြားသည်။ ရန်ကုန်မြို့၏ ယနေ့မိုးရွာသွန်းမှု သည် မွန်းလွဲ ၂ နာရီခွဲကျော်က စတင်ရွာသွန်းမှုဖြစ်ပေါ်ခဲ့ပြီး ၃ နာရီ ကျော်အထိ မိုးသည်းထန်စွာ ရွာသွန်း ခဲ့သည်။ မိုးရွာချိန် နာရီဝက်ခန့်သာ ရှိသော်လည်း ရန်ကုန်မြို့ နေရာအနှံ့ အပြားတွင် ရေကြီးရေလျှံမှုဖြစ်ခဲ့သည်။ ''စည်ပင်က ဝန်ထမ်းတွေလည်း ရေစီးရေလာကောင်းအောင် လုပ်နေ တာပဲ။ ဒါပေမယ့်လည်း မိုးရွာရင် ထူးခြားမှုဖြစ်မလာဘူး။ အမြဲတမ်း ရေလျှံမှုတွေဖြစ်၊ လမ်းကြောတွေ ပိတ်ပြီး လမ်းပေါ်မှာတင် သုံးလေး နာရီ အချိန်ကုန်ခဲ့တယ်။ အခုလည်း ကျွန်မမြို့ထဲကနေ ဒီတာမွေကို နှစ်နာရီကျော်တောင် ကြာတယ်။ ''ပလာဇာရှေ့နဲ့ မင်္ဂလာဈေးရှေ့ မှာတင် ကားတွေသွားလို့ မရဘူးဖြစ် နေတယ်''ဟု တာမွေ ဗျိုင်းရေအိုးစင် လမ်း၌နေထိုင်သည့် မသင်းသင်းက ပြောကြားသည်။ ယနေ့ မိုးသည်းထန်မှုကြောင့် ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ သမိန် ဗရမ်းလမ်းနှင့် ဗညားဒလလမ်းထောင့် ဆုံရာ တာမွေမီးပွိုင့်၌ ရေကြီးရေလျှံ မှုကြောင့် ကားများပိတ်ဆို့ကာ ခရီးသည်များ လမ်းပေါ်၌ပင် အချိန်နှောင့်နှေး ကြန့်ကြာခဲ့သည်။ အဆိုပါ ယာဉ်ကြောကျပ်တည်းမှု ဖြေလျှော့ပေးရန် ယာဉ်ထိန်း ရဲတပ်ဖွဲ့က လမ်းရှင်းပေးလျက် ရှိသော်လည်း အထိုက်အလျောက်သာ ပြေလျော့ခဲ့သည်။ ''မိုးတွင်းကတော့ ဒီလိုပဲ ခဏ ခဏဖြစ်နေဦးမှာပါပဲဗျာ။ စည်ပင်က လည်း ရေစီးကောင်းအောင်တော့ လုပ်နေကြတာပဲ။ ဒါပေမယ့် တစ်နှစ် ထက်တစ်နှစ်က ပိုပိုဆိုးလာသလိုပဲ။ ရန်ကုန်မြို့ရဲ့ လူဦးရေထူထပ်များပြား လာမှုကြောင့်ပဲလား၊ စည်းကမ်း လျော့ရဲမှုကြောင့်ပဲလား မသိပါဘူး။ ခုလို ရေကြီးရေလျှံဖြစ်လာရင် ကြွပ်ကြွပ်အိတ်၊ ပလတ်စတစ်အိတ် တွေပဲ ရေထဲစီးမျောလာတာ အများ ဆုံး။ ကျွန်တော်တို့လည်း အစ်ကို တို့မြင်တဲ့အတိုင်း လမ်းရှင်းပေးရတာ တော်တော်မလွယ်ဘူး'' ဟု ယာဉ် ထိန်းရဲတစ်ဦးက တာမွေမီးပွိုင့်တွင် ကျပ်တည်းမှုဖြစ်နေသည့် ယာဉ်ကြော ရှည်ကြီးကို မနားတမ်း လက်ပြ လမ်းညွှန်ရင်း ဝီစီကို တကျီကျီမှုတ် ရင်း ရှင်းပြခဲ့သည်။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသည် မြို့သာယာလှပ ရေး၊ ရေစီးရေလာကောင်းမွန်ရေး ကို ရေတို/ရေရှည်စီမံကိန်းတို့ဖြင့် အကောင်အထည်ဖော်သည်မှာ ယခင် နှစ်အနည်းငယ်အတွင်းကပင် ဖြစ် သည်။ ရန်ကုန်မြို့တွင်း ရေစီးရေလာ ကောင်းမွန်ရေး ရေထုတ်မြောင်းများ ကို စီမံကိန်းဖြင့် ရန်ကုန်မြို့နေရာ အတော်များများ၌ အကောင် အထည်ဖော် လုပ်ဆောင်လျက်ရှိ သည်။ သို့ရာတွင် ယနေ့ထက်တိုင် ရေကြီးရေလျှံမြဲဖြစ်ရာ ပြည်သူများ အကျိုးခံစားမှု အပြည့်အဝ မရှိ သေးပေ။ ရန်ကုန်မြို့၌ ယနေ့ နာရီဝက်ခန့် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရန်ကုန်မြို့တွင်း ကျောက်တံတား၊ အလုံ၊ ကြည့်မြင်တိုင်၊ တာမွေ၊ မင်္ဂလာ တောင်ညွန့်နှင့် သင်္ဃန်းကျွန်းမြို့နယ် များရှိ ယာဉ်သွားလမ်းများနှင့် ရပ်ကွက်တွင်းလမ်းများ၌ ရေကြီး ရေလျှံမှုများ ဖြစ်ပေါ်ခဲ့သည်။

လှေစီးဘင်္ဂလီ ၃၇ ဦး ဇွန် ၁၇ ရက်နေ့ ပြန်ပို့မည်

ရခိုင်ပြည်နယ် အနောက်ဘက်နယ် စပ် မောင်တောမြို့နယ် တောင်ပြိုမြို့တွင် ထိန်းသိမ်းထားသော လှေစီး ရေမျောကမ်းတင် ဘင်္ဂလီ ၃၇ ဦးအား ဇွန်လ ၁၇ရက်နေ့တွင် ဘင်္ဂလာဒေ့ရှ် ပြန်လည် ပို့ဆောင်သွားမည်ဟု မောင်တောခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ဦးခင်မောင်လွှင်က ပြောသည်။ “ ဟုတ်ကဲ့။ နှစ်ဦးနှစ်ကဘက် သဘောတူထားပြီး။ မနက်ဖြန် ဇွန်လ ၁၇ ရက်နေ့မှာ ယခင်ကျန်နေခဲ့တဲ့ ၅၀ ထဲက ၃၇ ဦးကို လွဲပြောင်းမှာ ဖြစ်ပါတယ်။ ခေါင်းတုံးကနေ လွဲပြောင်း ဖြစ်ပါတယ်” ဟု ပြောသည်။ ယင်းလွဲပြောင်းပွဲသို့ တောင်ပြိုမြို့နယ်ခွဲ လ၀ကမှူးနှင့် ဘင်္ဂလာဒေ့ရှ် ခေါင်းတုံးစခန်းမှ နယ်ခြားစောင့်တပ်ဖွဲ့မှ တာဝန်ရှိသူတို့ တက်ရောက်မည်ဟု သိရသည်။ ယခုလွဲပြောင်းမည့် ၃၇ ဦးမှာ ရခိုင်ပြည်နယ် မောင်တောမြို့နယ် သင်္ဘောကွေ့ကျေးရွာ အနောက်တောင်ဘက် ၄ မိုင်အကွာ ပင်လယ်ပြင်တွင် ဖမ်းဆီးမိသော ရေမျောကမ်းတင် ၂၀၀ ဦးထဲမှ ဖြစ်သည်။ ယင်းအထဲမှ ၁၅၀ ကို ဇွန်လ ၈ ရက်နေ့က သူတို့၏ နေရပ်ရင်းနိုင်ငံ ဖြစ်သော ဘင်္ဂလာဒေ့ရှ်သို့ ပြန်လည် လွဲပြောင်း ခဲ့သည်။ “ အကုန်လုံးကို လွဲမှာပါ။ ကျန်တဲ့ ၇၀၀ ကျော်ကိုလည်း စိစစ်ပြီးပြီ။ ဘင်္ဂလာဒေ့ရှ် နိုင်ငံခြားရေး ၀န်ကြီးဌာနကို စာရင်းပို့ထားပြီးပြီ။ ဘင်္ဂလာဒေ့ရှ် ပြည်ထဲရေးဝန်ကြီးက သူတို့မိသားစုတွေရှိတဲ့ နေရာကို သွားရောက်စိစစ်ပြီးရင် ကျန်တဲ့ ဘင်္ဂလာဒေ့ရှ်နိုင်ငံသားကို လွဲပြောင်း သွားမှာ ဖြစ်ပါတယ်” ဟု ခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူးက ဆက်လက် ပြောကြားသည်။ ဧရာဝတီတိုင်းတွင် ဖမ်းမိပြီး ရခိုင်ပြည်နယ် အနောက်ဘက် နယ်စပ် တောင်ပြိုမြို့နယ် ယာယီ လက်ခံစခန်းသို့ ပို့ဆောင်ခံရသူ ဘင်္ဂလီ ၇၃၃ ဦးထဲမှ ၅၄၄ ဦးမှာ ဘင်္ဂလာဒေ့ရှ် နိုင်ငံသားများ ဖြစ်ကြောင်း စိစစ်ထားပြီး ဖြစ်ကြောင်း သိရသည်။

မြန်မာ့ဆေးဖက်ဝင် ရှောက်ပင်

Item Name ---------- Lemon (ရှောက်ပင်) Category ------------ Raw Material Botany Term -------- Citrus medica Linn. var . Limonum Species Family ----- Rutaceae မြန်မာ နိုင်ငံ အနှံ့အပြား ပေါက်ရောက်သည်။ စိုက်ပျိုးပင် အဖြစ် လည်းကောင်း ၊ မြစ်ချောင်း မြောင်းနား တွင် သဘာဝ အလျောက် လည်းကောင်း ပေါက်ရောက်၏။သံပရာ ပင် ကဲ့သို့ ပင် စိုက်ပျိုး ဖြစ်ထွန်း နိုင်သည်။ သဲနုန်း မြေနုကို ပိုမို ကြိုက်နှစ်သက် ၏ ။ ဆူးပါသော ချုံပင်မျိုးဖြစ်သည်။ အရွက်ကြမ်း၍ ရွက်ညှာခိုင် သည်။ရွက်မြွှာ များသည်။ ဘဲဥပုံ ရှည်မျောမျောရှိသည်။ ရွက်ထိပ် ချွန်သည်။ အဖြူရောင် သို့မဟုတ် ပန်းနုရောင်သန်းသော အပွင့်ကလေးများ ပွင့်သည်။ အသီးသည် လုံးဝန်းသည်။ နုလျှင်အစိမ်းရောင် ဖြစ်ပြီး မှည့်လျှင် အ၀ါရောင်သို့ ပြောင်းသည်။ အသီးနှစ်များသည် အဝါရောင်သန်းသော အစိမ်းရောင် ဖြစ်သည်။ ♥ အပင် အပင် လတ်မျိုး ဖြစ်သည်။ အမြင့်ပေ ၂၀ ခန့် ထိ ရှိတတ် သည်။ အခေါက် ညိုမည်း သော အရောင် ရှိသည်။ အကိုင်း အခက် များ သည်။ တစ်ပင်လုံး ၌ ချွန်ထက်သော ဆူများ ရှိသည်။ ♥ အရွက် ရွက်လွှဲ ထွက်သည်။ ဘဲဥ ပုံရှိပြီး ရွက်ထိပ် ချွန်၍ ရွက်ရင်း သွယ်သည်။ ရွက်ပြား ထူ၍ ချောသည်။ ရွက်ညှာ တွင် အတောင်ပါသည်။ ♥ အပွင့် သေးငယ်၏ ။အဖြူရောင် ရှိ၍ ပွင့်ဖတ် ကျောဘက် တွင် အညိုရောင် သမ်း၏။ သင်းပျံ့သော အနံ့ ရှိသည်။ ♥ အသီး အစေ့များ ခွံပျော့ သီး ဖြစ်သည်။ အသီးမှာ အလတ် စား အသီးမျိုး ဖြစ်၍ လုံးဝိုင်းပြီး အစိမ်းရောင် ရှိသည်။ အရည် ရွှမ်းသည်။ အသီးခွံ ထူ၍ အဆီ အိတ်ကလေး များ ရှိသည်။ အစေ့ သေးငယ်ပြီး အဖြူရောင် ရှိသည်။ ► အသုံးဝင်ပုံ အသီး ♥ အာနိသင် မြန်မာ ဆေးကျမ်း များ အလိုအရ ရှောက်သီးသည် ချဉ်၏။ နှလုံးကို ကြည်လင် စေတတ်၏ ၊ သွေးသားကို သန့်ရှင်း စေ၏ ၊ ပေါ့ပါးသော ဂုဏ်သတ္တိ ရှိ၏ ၊ ၀မ်းမီး ကို တောက်စေ၏ ၊ မောပန်းခြင်း ကို ပျောက်စေ၏ ။ ချောင်းဆိုး နာ၊ နှုတ်မမြိန် ၊ အော့အန်နာ ၊ မွတ်သိပ် နာ ၊ အသံပျက် ခြင်း ၊ ၀မ်းကြော တင်းခြင်း ၊ အဖုအလုံး ပေါက် ခြင်း များကို နိုင်၏ ၊ သလိပ်ကို ကြေစေ၍ ဆီးကို များစေသည်။ ► အသီးအသုံးပြုပုံ ၁ ။ ရှောက်ရည် ၊ ကြောင်ပန်းရွက် ညှစ်ရည် အမျှရော ၍ ရှူပေးက ၀က်ရူးနာ ပျောက်၏။ ၂ ။ ရှောက်သီး အမြွှာနှင့် သလဲ အချဉ် အစေးကို ရောစား က မူးဝေ ထိုင်းမှိုင်း သော ရောဂါ ပျောက်ကင်း၏ ။ ၃ ။ ရှောက်သီး အမြွှာနှင့် သိန္ဓော ဆား ရော၍ နံနက် ည နေ့စဉ် သောက်သုံးက ဆီးအိမ် နှင့် ကျောက်ကပ် တွင် ဖြစ်တတ်သော ကျောက်တည် ရောဂါ ပျောက်ကင်း ၏။ ၄ ။ ပျားရည် ၊ ရှောက်ရည် ၊ ဇ၀က်သာ သုံးမျိုး ရောသောက် က ချောင်းဆိုး ၊ ရင်ကျပ် ၊ သလိပ်ကပ် ၊ ပန်းနာ ပျောက်၏။ ၅ ။ မီးယပ် သွေးဆင်း၍ မူးဝေ သောရောဂါ အတွက် ရှောက်သီးကို ထန်းလျက် နှင့် စားက ပျောက်၏ ။ ၆ ။ ရှောက်သီး ကို ဆန်ဆေးရည် တစ်ပိဿာ နှင့် ရေခန်း အောင် ပြုတ်ပြီး နူးလျှင် ဆန်ခါ နှင့်စစ်ချ ၍ ယင်း တစ်ဆယ် သား ခန့်ကို ဆား အနည်းငယ် နှင့် မွှေ၊ နေလှန်း ၊ အမှုန့် ပြုပြီး သုံးဆောင်က လေရောဂါ အမျိုးမျိုး ပျောက်ကင်း ၏ ။

ကုလလူ့အခွင့်အရေးကောင်စီ ရိုဟင်ဂျာအရေးစိုးရိမ်

မြန်မာနိုင်ငံအတွင်း ရိုဟင်ဂျာတွေ ဖိနှိပ်ခံနေရမှုအပေါ် စိုးရိမ်ပူပန်ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးမဟာမင်းကြီး Zeid Ra’ad Al Hussein က တနင်္လာနေ့က ဂျနီဗာမြို့မှာ ကျင်းပတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ညီလာခံအတွင်း ပြောကြားလိုက်ပါတယ်။ အလားတူပဲ ရခိုင်ပြည်နယ် အတွင်း ရိုဟင်ဂျာတွေအပေါ် မြန်မာအစိုးရက လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်နေတဲ့အပေါ် အထူးစိုးရိမ်ကြောင်း OIC အစ္စလာမ်မစ် နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့က ပြောပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။
ကုလသမဂ္ဂလူ့အခွင့်အရေး ကောင်စီရဲ့ ၂၉ ကြိမ်မြောက် ညီလာခံအတွင်း ကုလသမဂ္ဂ လူ့အခွင့်အရေးမဟာမင်းကြီး Zeid Ra’ad Al Hussein က ကမ္ဘာတ၀ှမ်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ရွေ့ပြောင်း နေထိုင်သူများအရေးနဲ့ ပတ်သက်လို့ အကျယ်တ၀င့် ပြောဆိုသွားတာမှာ မြန်မာနိုင်ငံအတွင်း ရိုဟင်ဂျာတွေ ဖိနှိပ် ချုပ်ချယ်ခံနေရတဲ့ အရေးနဲ့ပတ်သက်လို့ သူ့အနေနဲ့ အထူးစိုးရိမ် ပူပန်ကြောင်း အခုလို ထည့်သွင်း ပြောကြားသွားတာပါ။
“မြန်မာနိုင်ငံအတွင်း ရိုဟင်ဂျာတွေအပေါ် ဖိနှိပ် ချုပ်ချယ်မှုတွေအပေါ် ကျနော့်အနေနဲ့ အထူး စိုးရိမ် ပူပန်မိပါတယ်။ ဒီအကြမ်းဖက်မှုတွေ ဘယ်လောက် ကြီးမားတယ်ဆိုတာနဲ့ ဒီကိစ္စကို ဘယ်လို ထိထိရောက်ရောက် ဖြေရှင်းနိုင်မလဲ ဆိုတာတွေကို လူ့အခွင့်အရေး ကောင်စီအနေနဲ့ စုံစမ်း စစ်ဆေး အချိန်တန်နေပြီလို့ ကျနော်ထင်ပါတယ်။”
အရှေ့အလယ်ပိုင်းဒေသ နိုင်ငံတွေကနေ မြေထဲပင်လယ်ကိုဖြတ်ပြီး ဥရောပတိုက်ကို ထွက်ပြေးလာကြတဲ့ သူတွေနဲ့ အရှေ့တောင်အာရှတိုက် အတွင်း မြန်မာနိုင်ငံက ဖိနှိပ်မှုတွေကြောင့် ထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာတွေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဆင်းရဲနွမ်းပါးမှုတွေကြောင့် ဒေသတွင်း နိုင်ငံတွေကို ထွက်ခွာလာကြသူတွေရဲ့ ဖြစ်ရပ်ဟာ တူညီနေကြောင်း လူ့အခွင့်အရေး မဟာမင်းကြီးက ကောက်ချက်ဆွဲ ပြောသွားပါတယ်။
လွန်ခဲ့တဲ့ နှစ်အနဲငယ်ကစပြီး မြန်မာနိုင်ငံထဲမှာ အရေးပါတဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်လာခဲ့တဲ့အတွက် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုတွေ အရှိန်မြင့် ဖြစ်ပေါ်သလို နိုင်ငံရေးအရ ထိန်းချုပ်ထားမှုတွေကိုပါ လျော့ချပေးလာတာကို တွေ့ရတဲ့အကြောင်း၊ ဒါပေမယ့် အဲဒီ ပြုပြင်ပြောင်းလဲမှုတွေက ရိုဟင်ဂျာတွေအပေါ် စံနစ်တကျ ခွဲခြား ဆက်ဆံမှုတွေနဲ့ ရခိုင်ပြည်နယ်အတွင်း မတူညီတဲ့ လူမျိုးစုတွေအကြား သဟဇာတဖြစ်စေမယ့် တိုးတက်မှုတွေ ဖြစ်ပေါ်လာအောင် စွမ်းဆောင်ပေးနိုင်ခြင်း မရှိသေးကြောင်း လူ့အခွင့်အရေးမဟာမင်းကြီး Zeid Ra’ad Al Hussein က ပြောပါတယ်။
မြန်မာနိုင်ငံအတွင်း ဖိနှိပ်မှုတွေ ဖြစ်နေတာဟာ ရိုဟင်ဂျာတွေ အလုံးအရင်းနဲ့ ထွက်ပြေးစေတဲ့ အခြေခံအကြောင်းတရားလို့ ယူဆလို့ ရနိုင်တယ်လို့ ဆိုပါတယ်။ အဲဒီလို ဖြစ်နေတာတွေက အာဖဂန်နစ္စတန်နဲ့ ပါကစ္စတန် တာလီဘန်တွေက ကြေညာချက်တွေ ထုတ်ပြန် ပြောဆိုထားသလို ကြီးမားတဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေ ဖြစ်ပေါ်နိုင်တဲ့ အစွန်းရောက်တွေရဲ့ ၀င်ရောက် စွက်ဖက်မှုတွေနဲ့ ရင်ဆိုင်ရမှာကို သူ့အနေနဲ့ စိုးရိမ်ကြောင်း လူ့အခွင့်အရေးမဟာမင်းကြီးက ပြောပါတယ်။
ရခိုင်ပြည်နယ်အတွင်း ရိုဟင်ဂျာတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖြစ်ပေါ်နေတဲ့ပြဿနာကို ရေရှည် အဖြေရှာဖို့ လိုအပ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ ပါကစ္စတန် သံအမတ်ကြီး Zamir Akram ကလည်း OIC အစ္စလာမ်မစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ကိုယ်စား လူ့အခွင့်အရေး ညီလာခံမှာ ထည့်သွင်း ပြောကြားသွားပါတယ်။
“ရခိုင်ပြည်နယ်အတွင်းနဲ့ မြန်မာနိုင်ငံအတွင်းက တခြားဒေသတွေမှာ ရိုဟင်ဂျာတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖြစ်ပေါ်နေတဲ့ကိစ္စကို စိုးရိမ် ပူပန်ကြောင်း OIC အနေနဲ့ အကြိမ်ကြိမ် ပြောခဲ့ပြီး ဖြစ်ပါတယ်။ ထောင်နဲ့ချီတဲ့ ရိုဟင်ဂျာတွေ အစာရေစာ မပါပဲ အိန္ဒိယ သမုဒ္ဒယာထဲမှာ မျောပါနေတဲ့ ကိစ္စဟာ စိုးရိမ်စရာ ဖြစ်ပါတယ်။ သူတို့ကို ကူညီဖို့ ဒေသတွင်းနိုင်ငံတွေရဲ့ လုပ်ဆောင်ချက်တွေအပေါ် ကျနော်တို့အနေနဲ့ ချီးကျူးပါတယ်။ ဒါပေမယ့် ဒါဟာ ရေတို ဖြေရှင်းပဲ ဖြစ်ပါတယ်။ ဒီပြဿနာရဲ့ အခြေခံ အကြောင်းရင်းတွေဖြစ်တဲ့ ရိုဟင်ဂျာတွေကို နိုင်ငံသားအဖြစ် အသိအမှတ်ပြုရေးပါအ၀င် တခြား သက်ဆိုင်တဲ့ အခွင့်အရေးတွေကို မပေးမချင်းတော့ ဒီပြဿနာဟာ ပြေလည်သွားမှာ မဟုတ်ပါဘူး။”
အလားတူပဲ Amnesty International - နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီးကလည်း ကမ္ဘာ့တလွှား ဖြစ်ပေါ်နေတဲ့ ဒုက္ခသည်တွေအရေး ပဋိပက္ခဟာ တာဝန်ရှိသူတွေက သူတို့အရေးကို မျက်ကွယ်ပြုထားတဲ့အတွက် ဖြစ်တဲ့အကြောင်း - The Global Refugee Crisis: A Conspiracy of Neglect လို့ အမည်ပေးထားတဲ့ ဒုက္ခသည်တွေအရေးနဲ့ဆိုင်တဲ့ အစီရင်ခံစာတခု ဇွန်လ ၁၅ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ခဲ့ပါတယ်။
အစီရင်ခံစာအတွင်း မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ဖော်ပြထားတာမှာတော့ - ၂၀၁၅ ခုနှစ် ပထမ ၄ လအတွင်း ဘင်္ဂလားပင်လယ်အော်ကို ဖြတ်ပြီး ထွက်ပြေးလာတဲ့ ဒုက္ခသည် အရေအတွက်ဟာ ၂၅,၀၀၀ ရှိခဲ့တယ်လို့ UNHCR ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းရုံးက အစီရင်ခံစာ ထုတ်ပြန်ထားကြောင်း၊ ဒါဟာ ၂၀၁၄ ခုနှစ် အလားတူ အချိန်ကနဲ့ နှိုင်းယှဉ်လိုက်ရင် ထွက်ပြေးလာသူ အရေအတွက် ၂ ဆ တိုးလာခြင်း ဖြစ်ကြောင်း၊ ဒီဘင်္ဂလားပင်လယ်အော် ရေကြောင်းလမ်းကို မြန်မာနိုင်ငံက ရိုဟင်ဂျာတွေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေက အများစု အသုံးပြုနေခြင်း ဖြစ်ကြောင်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
အရှေ့အလယ်ပိုင်း၊ အာဖရိကတိုက်အတွင်းနဲ့ အာရှိတိုက်တလွှားမှာ လက်ရှိဖြစ်ပေါ်နေတဲ့ ဒုက္ခသည်တွေအရေးဟာ ဒုတိယကမ္ဘာစစ် နောက်ပိုင်း အဆိုးရွားဆုံး ဖြစ်တယ်လို့ ဆိုပါတယ်။
ထိုင်းနိုင်ငံ ကမ်းခြေအနီးကပ်လာတဲ့ စက်လှေတွေပေါ် ပါလာသူ လှေစီးပြေး ဒုက္ခသည် ၈,၀၀၀ လောက်ထဲက အများစုဟာ မြန်မာနိုင်ငံက ရိုဟင်ဂျာတွေလို့ ယူဆရကြောင်း IOM - နိုင်ငံတကာ ရွေ့ပြောင်းနေထိုင်သူများရေး ဆောင်ရွက်နေတဲ့အဖွဲ့က မေလ ၁၁ ရက်နေ့မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားတယ်လို့ ဆိုပါတယ်။
မြန်မာအစိုးရကတော့ - ရိုဟင်ဂျာတွေအရေး ရေရှည် အဖြေရှာနိုင်ရေးအတွက် နိုင်ငံတကာ အသိုင်းဝိုင်းနဲ့ ညှိနှိုင်း ဆောင်ရွက်နေကြောင်း ပြီးခဲ့တဲ့လ အတွင်း ဗွီအိုအေ မြန်မာပိုင်းနဲ့ သီးသန့်ပြုလုပ်တဲ့ တွေ့ဆုံ မေးမြန်းခန်းအတွင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်တင်က ပြောကြားခဲ့ပါတယ်။

Magna Carta မဟာစာတမ်း နှစ် ၈၀၀ ပြည့် ဗြိတိန် ကျင်းပ

အင်္ဂလန်နိုင်ငံမှာ ဥပဒေနဲ့ ပြည်သူ့လူ့အခွင့်အရေးတွေရဲ့ အစဦးဖြစ်တဲ့ မက်နာကာတာ ခေါ် ဘုရင့်အာဏာကိုထိန်းချုပ်ပေးခဲ့တဲ့ စာချုပ်ရဲ့ နှစ် ၈၀၀ ပြည့် အထိမ်းအမှတ်အနေနဲ့ Elizabeth ဘုရင်မကြီးနဲ့အတူ ဗြိတိန်ခေါင်းဆောင်တွေဟာ သိမ်းမြစ်ကမ်းနံဘေးမှာ တွေ့ဆုံခဲ့ကြပါတယ်။ အဲဒီအထိမ်းအမှတ်ပွဲကို အင်္ဂလန်တောင်ပိုင်းက ရန်နီမိဒ် မြို့မှာပြုလုပ်ခဲ့ပါတယ်။ အဲဒီမြို့မှာ ၁၂၁၅ ခုနှစ် ဇွန်လ ၁၅ ရက်က အင်္ဂလိပ်ဘုရင် ဂျွန်က စာချုပ်ကိုလက်မှတ်ထိုးပြီး ပါလီမန်ဒီမိုကရေစီဖြစ်လာနိုင်ရေးအတွက် လမ်းခင်းပေးလိုက်ပါတယ်။ နောက်ပိုင်းမှာတော့ အဲဒါဟာ အမေရိကန်ပြည်ထောင်စုရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြုစုတဲ့နေရာမှာ နမူနာတခုဖြစ်လာပါတယ်။ လွတ်လပ်ခွင့်ဆိုင်ရာ မဟာစာတမ်းလို့ အဓိပ္ပာယ်ရတဲ့ မက်နာကာတာ ဟာ ပြည်သူတွေရဲ့ လွတ်လပ်ခွင့်နဲ့ အခွင့်အရေးတွေကို အကာအကွယ်ပေးခဲ့ပြီး ဘယ်သူကမှ ဥပဒေအပေါ်မှာမရှိရဘူးလို့ ပြဌာန်းခဲ့ပါတယ်။ မဟာစာတမ်းကို လက်မှတ်ထိုးခဲ့ခြင်းဟာ အဲဒီအချိန်ကလိုပဲ အခုခေတ်မှာလည်း အလွန်အရေးကြီးပြီး ထောင်စုနှစ်ရဲ့အများပိုင်းကို ပုံဖော်ရာမှာလည်း ထူးခြားအရေးပါခဲ့တယ်လို့ ဗြိတိန်ဝန်ကြီးချုပ် David Cameron က တက်ရောက်လာတဲ့ ပရိသတ်တွေကို ပြောကြားသွားပါတယ်။

ကန်ဗုံးကြဲလို့ သေဆုံးသူတွေထဲ လစ်ဗျား Al Qaida ခေါင်းဆောင် ပါနိုင်

လစ်ဗျားနိုင်ငံမှာ အမေရိကန်တိုက်လေယာဉ် နှစ်စင်းကနေ အလေးချိန် (၂၂၅) ကီလိုဂရမ်ရှိတဲ့ ဗုံးတွေကို ကြဲချခဲ့တယ်လို့ အမေရိကန်နဲ့ လစ်ဗျား အာဏာပိုင်တွေက တနင်္လာနေ့က အတည်ပြုပြောဆိုခဲ့ကြပါတယ်။ လစ်ဗျားနိုင်ငံမှာရှိနေတဲ့ အယ်လ်ကိုင်ဒါအဖွဲရဲ့ အာဖရိကမြောက်ပိုင်းခေါင်းဆောင်ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ ဒါဟာ ၂၀၁၁ ခုနှစ်က လစ်ဗျားအာဏာရှင် Moammar Gadhafi ကိုဆန့်ကျင်တဲ့ လူထုဆန္ဒပြပွဲကြီးဖြစ်ပေါ်ပြီးနောက်ပိုင်း လစ်ဗျားနိုင်ငံထဲမှာ ပထမဆုံးအကြိမ် အမေရိကန် လေကြောင်း စစ်ဆင်ရေးလည်း ဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်လို့ အမေရိကန်အစိုးရကတော့ အတည်ပြုပြောဆိုခဲ့ပေမဲ့ ဒီလေကြောင်းတိုက်ခိုက်မှုကြောင့် မျက်လုံးတဘက်ပဲရှိတဲ့ အကြမ်းဖက်ခေါင်းဆောင် Mokhtar Belmokhtar သေဆုံးခဲ့ခြင်းရှိမရှိ ကိုတော့ အတည်မပြုခဲ့ပါဘူး။ ဒါပေမဲ့ Tobruk မှာရှိတဲ့ နိုင်ငံတကာအသိအမှတ်ပြုထားတဲ့ လစ်ဗျားအစိုးရအဖွဲ့ကတော့ လစ်ဗျားအရှေ့ခြမ်းဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သူတွေထဲမှာ Belmokhtar တယောက်ပါဝင်ခဲ့တယ်လို့ ပြောပါတယ်။ Belmokhtar ကို အမေရိကန်နိုင်ငံခြားရေးဌာနက ဆုငွေဒေါ်လာ ငါးသန်းထုတ်ထားခဲ့ပါတယ်။ Mokhtar Belmokhtar ဟာ အမေရိကန်နိုင်ငံသား ၃ ဦးအပါအ၀င် လူ ၃၇ ဦး သေဆုံးခဲ့တဲ့ အယ်လ်ဂျီးရီးယားနိုင်ငံက ဓာတ်ငွေ့ထုတ်လုပ်တဲ့ စက်ရုံတခုကို ၂၀၁၃ ခုနှစ်အကြမ်းဖက်တိုက်ခိုက်မှုမှာ ခေါင်းဆောင်ခဲ့တယ်လို့ အမေရိကန် အစိုးရအရာရှိတွေက စွပ်စဲထားတာဖြစ်ပါတယ်။

Republican သမ္မတ ကိုယ်စားလှယ်လောင်းစာရင်း Jeb Bush ပါဝင်

Florida ပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်းလည်းဖြစ်၊ အရင် အမေရိကန်သမ္မတဟောင်းတွေရဲ့ သားနဲ့ညီဖြစ်သူ Jeb Bush ဟာ ၂၀၁၆ ခုနှစ် အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ကိုယ်လှယ်လောင်းအဖြစ် ၀င်ရောက်ယှဉ်ပြိုင်မယ့်အကြောင်း တနင်္လာနေ့က တရားဝင် ကြေညာလိုက်ပြီ ဖြစ်ပါတယ်။ သူဟာ ရီပတ်ဘလီကန်ပါတီရဲ့သမ္မတလောင်းတွေထဲက ၁၁ ဦးမြောက်အဖြစ် ၀င်ရောက် လာတာဖြစ်ပေမယ့် သူ့ပါတီဘက်က နောက်ထပ် ပါဝင်လာမယ့်သူတွေ ရှိလာနိုင်သေးတယ်လို့ ဆိုပါတယ်။ အမေရိကန်ပြည်ထောင်စုဟာ အကြီးအကျယ် မှားယွင်းတဲ့ လမ်းကြောင်းပေါ်ကို ရောက်ရှိနေတယ်လို့Miami မြို့မှာပြုလုပ်တဲ့ သမ္မတလောင်းအဖြစ် တရားဝင်ကြေညာပွဲမှာ Bush က ထောက်ခံသူတွေကို ပြောခဲ့ပါတယ်။ တိုင်းပြည်အတွင်း တင်းကျပ်တဲ့ ဥပဒေတွေ အဆက်မပြတ်ထုတ်ပြန်ပြီး အမေရိကန်စီးပွားရေးကျဆင်းအောင် ဒီမိုကရက်တစ်ပါတီက လုပ်ဆောင်နေတယ်လို့ သူက အပြစ်တင်လိုက်ပါတယ်။ ၀ါရှင်တန် ဒီစီမြို့မှာ လက်ခံနေတဲ့ လုပ်ရိုး လုပ်စဉ်တွေကို ပြုပြင် ပြောင်းလဲနိုင်မယ့် သမ္မတ လိုအပ်ကြောင်းနဲ့ အဲဒီလို လုပ်နိုင်တဲ့ သမ္မတဟာ သူဖြစ်ကြောင်း Jeb Bush က ပြောပါတယ်။ ရီပတ်ဘလီကန်ပါတီက ၀င်ရောက်ယှဉ်ပြိုင်မယ့် သမ္မတ ကိုယ်စားလှယ်လောင်းအများစုဟာ ပါတီရဲ့ရှေးရိုးစွဲ Conservative ၀ါဒကို လက်ခံတဲ့ မဲဆန္ဒရှင်တွေရဲ့ ထောက်ခံမှုရရှိဖို့ ကြိုးပမ်းနေကြတာဖြစ်ပေမယ့် Jeb Bush ကတော့ မဲဆွယ်လှုပ်ရှားတဲ့ ဗွီဒီယိုထဲမှာ သူ့အနေနဲ့ ပိုမို ကျယ်ပြန့်တဲ့ မဲဆန္ဒရှင်တွေကို ဆွဲဆောင်လိုတဲ့ ကိုယ်စားလှယ်လောင်းအဖြစ် သရုပ်ဖော်ထားပါတယ်။