Popular Posts

Saturday, June 13, 2015

IDM Fake Error ပြနေသူများအတွက် IDM အသစ်လေးပါ

https://my.pcloud.com/publink/show?code=XZgB7VZyqtdntRtA6pUN4r2DQFnM5ohWWy7

ရခိုင်မှာ လူပေါင်း ၄ သိန်းကျော် စာနာမှု အကူအညီ လိုအပ်

မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်မှာ လူမှုအ၀န်းအ၀ိုင်းနှစ်ခုအကြား ရုန်းရင်းဆန်ခတ် အခြေအနေတွေဖြစ်ခဲ့တာ သုံးနှစ်ကြာလာပြီးတဲ့ နောက် လူပေါင်း ၄၁၆,၀၀၀ ကျော် ဟာ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ ဆက်ပြီး လိုအပ်နေတုန်းပဲလို့ ကုလသမဂ္ဂ လူသားချင်းစာနာမှု အကူအညီပေးရေးဆိုင်ရာ ညှိနှိုင်းဆောင်ရွက်မှုရုံး (UNOCHA) က ပြောလိုက်ပါတယ်။ အဲဒီထဲမှာ ဒုက္ခသည်စခန်းတွေထဲ ဆိုးရွားတဲ့အခြေအနေအောက်မှာ နေထိုင်နေရတဲ့ လူပေါင်း ၁၄၀,၀၀၀ နီးပါးနဲ့ သီးခြားရွာလေး တွေမှာ နိုင်ငံသား မဟုတ် ဘဲ နေထိုင်နေကြ ရသူ အများအပြားပါတယ်လို့ သောကြာနေ့က နယူးယောက်မှာ လုပ်တဲ့ ကုလသမဂ္ဂ ပုံမှန်သတင်းစာရှင်းလင်းပွဲအတွင်း UNOCHA အဖွဲ့ရဲ့ ထုတ်ပြန်ချက်ကို ပြောခွင့်ရ Stephane Dujarric ကပြောသွားပါတယ်။ ရခိုင်ပြည်နယ်က အိုးအိမ်စွန့် ထွက်ပြေးရသူတွေနဲ့ အကာအကွယ်မဲ့နေသူတွေ အတွက် သင့်တင့်လျောက်ပတ်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုနဲ့ အသက်မွေး ၀မ်းကျောင်းမှု တို့ဟာ အဓိက စိုးရိမ်ဖွယ်တခုအဖြစ် ဆက်ရှိနေတုန်းပဲလို့ ကုလသမဂ္ဂက ပြောပါ တယ်။ ရခိုင်ပြည်နယ်က ထောင်ပေါင်းများစွာသော လူတွေရဲ့ လွတ်လပ်စွာ သွားလာခွင့် အပေါ် ကန့်သတ်ထားတာကြောင့် စားနပ်ရိက္ခာ၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေး၊ အသက်မွေးဝမ်းကျောင်းနဲ့ တခြားအခြေခံလိုအပ်ချက်တွေ ဆိုးဆိုးရွားရွား ထိခိုက်နေပြီး လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေပေါ်မှာပဲ မှီခိုအားထားနေကြရတယ်လို့ ဆိုပါတယ်။ အိုးအိမ်စွန့်ခွာထွက်ပြေးရသူ လူပေါင်း ၄၀,၀၀၀ လောက်ထိဟာ ကမ်းရိုးတန်းနဲ့ မီတာ ၅၀၀ လောက်အတွင်းမှာရှိတဲ့ စခန်းတွေမှာ နေထိုင်နေကြရတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။ မုတ်သုံရာသီဝင်လာတော့မှာ ဖြစ်တာနဲ့အတူ ကမ်းရိုးတန်းတလျှောက် ရာသီဥတုအခြေအနေ ဆိုးရွားလာဖွယ်ရှိတယ်လို့ UNOCHA ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

နီပေါ၌ မြေပြိုမှုများကြောင့် ၅၅ ဦးထက်မနည်းသေဆုံး

နီပေါနိုင်ငံအရှေ့မြောက်ပိုင်း တာပလီဂျန်းခရိုင်၌ ဗုဒ္ဓဟူးနေ့ ညပိုင်းနှင့် ကြာသပတေးနေ့နံနက်ပိုင်းတို့တွင် မြေပြိုမှုများဖြစ်ပွားခဲ့ရာ လူ ၅၅ ဦးထက် မနည်း သေဆုံးသွားကြောင်း ဒေသမီဒီယာက ဖော်ပြသည်။ အဆိုပါကြီးမားသောမြေပြိုမှုကြောင့် ကျေးရွာဖွံ့ဖြိုးရေးကော်မတီ ခြောက်ခု အတွင်း ကျေးရွာသား ၅၅ ဦးသေဆုံးပြီး တစ်ဒါဇင်ကျော်ဒဏ်ရာရရှိကာ ကြာသပတေးနေ့နံနက်ထိ လူ ၄ဝ နီးပါး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း အင်္ဂလိပ်သတင်းစာ ရီပတ်ဘလီကာက ဖော်ပြသည်။ အစောပိုင်းတွင် တာပလီဂျန်းခရိုင်အခြေစိုက် နီပေါဒုတိယရဲမှူး ဆန်ထီရပ်ကိုင်ယာလာက လူ ၂၁ ဦး၏ ရုပ်အလောင်းများတွေ့ခဲ့ပြီး ၂၇ ဦး ပျောက်ဆုံးနေသည်ဟု ဆိုသည်။ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အဆိုပါ မြေပြိုမှုဖြစ်ပွားရခြင်းဖြစ် ကြောင်း၊ ကျေးရွာခြောက်ရွာအတွင်း နေအိမ်များရေစီးအတွင်းမျောပါသွား ခဲ့ကြောင်း ကယ်ဆယ်ရေးတွင်ပါဝင်သည့် ရဲတပ်ဖွဲ့ဝင်များက ပြောသည်။ ကယ်ဆယ်ရေးနှင့်ရှာဖွေရေးဆောင်ရွက်လျက်ရှိပြီး ဒဏ်ရာရသူအများ အပြားမှာစိုးရိမ်ရကြောင်း၊ သေဆုံးသူအရေအတွက်တိုးလာမည်ကို စိုးရိမ် ပူပန်နေကြကြောင်း တာဝန်ရှိသူများက ပြောသည်။

စပိန်ဘုရင် ဖီးလစ်က ညီမဖြစ်သူ၏ မြို့စားဘွဲ့ကို ရုပ်သိမ်း

စပိန်ဘုရင် ဖီးလစ်က ၎င်း၏ညီမဖြစ်သူ ခရစ်စတီနာ ဒီဘော်ဘန်ထံမှ မြို့စားကတော်ဘွဲ့ကို ရုပ်သိမ်းခဲ့ကြောင်း၊ ခရစ်စတီနာသည် သူမ၏ထီးနန်းဆက်ခံခွင့် ရပိုင်ခွင့်များ ဆုံးရှုံးမည်ဖြစ်ကြောင်း မက်ဒရစ်တော်ဝင်နန်းတော်က သတင်းထုတ်ပြန်သည်။ (၄၇) နှစ်အရွယ် ဘုရင်ဖီးလစ်က နာမည်ဆိုးထွက်နေသည့် ဘုရင်စနစ်၏ပုံရိပ်ကို ပြန်လည်ရှင်သန် လာစေရန် ကြိုးပမ်းချက်တစ်ရပ်အနေဖြင့် ယင်းကဲ့သို့ လုပ်ဆောင်လိုက်ခြင်းဖြစ်သည်။ ခရစ်စတီနာသည် အခွန်လိမ်လည်မှုများကြောင့် ယခုနှစ်တွင် တရားရင်ဆိုင်ရဖွယ်ရှိပြီး ၎င်းသည် တရား စွဲဆိုခြင်းခံရသည့် ပထမဦးဆုံး မက်ဒရစ်တော်ဝင် အမျိုးသမီးတစ်ဦး ဖြစ်လာသည်။ ခရစ်စတီနာ၏ ဖခင်က ၁၉၉၇ ခုနှစ်တွင် ကျင်းပခဲ့သော သူမ၏လက်ထပ်ပွဲနေ့တွင် ပါလ်မာဒီမာလိုကာ မြို့စားဘွဲ့ကို သူမအား အပ်နှင်းခဲ့ခြင်းဖြစ်သည်။ ခရစ်စတီနာ၏ခင်ပွန်း အိုလံပစ် လက်ပစ်ဘော ကစားသမားဟောင်း အိုင်နာကီအာ ဒန်ဂါရင်သည်လည်း ၎င်း၏နိုးစ်ဖောင်ဒေးရှင်းအဖွဲ့မှ အများပြည်သူပိုင် ရန်ပုံငွေ များကို အလွဲသုံးစားလုပ်သည်ဟု စစ်ဆေးတွေ့ရှိချက်ဖြင့် တရားစွဲဆိုခြင်း ခံထားရကြောင်း သိရသည်။

C.Ronaldo နဲ့ ယှဉ်ပြိုင်နေရမှုဟာ မီဒီယာတွေရဲ့ဖန်တီးမှုသာ ဖြစ်တယ်လို့ Messi ဆို

ဘာစီလိုနာ တိုက်စစ်မှုး ဖြစ်တဲ့ Lionel Messi က သူ့အနေနဲ့ Cristiano Ronaldo နဲ့ ယှဉ်ပြိုင်မှုမျိုးမရှိခဲ့ဖူးပဲ ဒါဟာ မီဒီယာ တွေ ဖန်တီးထားတာသာ ဖြစ်တယ်လို့ အခိုင်အမာဆိုလိုက်ပါတယ်။ Lionel Messi နဲ့ Cristiano Ronaldo တို့ ၂ ယောက်ဟာ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် FIFA ရဲ့ တစ်နှစ်တာ အကောင်းဆုံးကစားသမားဆုကို ၂၀၀၈ ခုနှစ်ကတည်း တစ်လှည့်စီ ရရှိလာခဲ့ကြပြီး လက်ရှိမှာ ကမ္ဘာ့ အကောင်းဆုံး ကစားသမား ၂ ယောက် အဖြစ်သတ်မှတ်ခံထားရသူတွေလည်း ဖြစ်ပါတယ်။ သူတို့ ၂ ယောက်ဟာ ဥရောပ ပြိုင်ပွဲတွေမှာ ရော ပြည်တွင်း ပြိုင်ပွဲတွေမှာပါ ဂိုးသွင်းအများဆုံး ဆု ကို တစ်လှည့်စီ သိမ်းပိုက်နေကြသူတွေလည်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အာဂျင်တီးနား တိုက်စစ်မှုး Messi က Cristiano Ronaldo နဲ့ ပတ်သက်ပြီး သူ့အနေနဲ့ ပြင်းထန်တဲ့ ခံစားချက်တွေ မရှိသလို သူတို့ ၂ ယောက် ကြားမှာ ယှဉ်ပြိုင်နေမှုလည်း မရှိဘူးလို့ ဆိုထားပါတယ်။ "ဘာယှဉ်ပြိုင်မှုမှ မရှိပါဘူး။ ဒါဟာ မီဒီယာတွေ ဖန်တီးထားတာပါ။ ကျွန်တော်တို့ ၂ ယောက်လုံးဟာ ကိုယ့် အသင်းအတွက်ကို ကောင်းအောင် ကစားပေးနိုင်ကြပါတယ်။ ဒါဟာ Messi Vs Ronaldo ဆိုတဲ့ ယှဉ်ပြိုင်မှု မဟုတ်ပါဘူး။ ဘယ်တော့မှ လည်း ဖြစ်လာမှာ မဟုတ်ပါဘူး။" လို့ Messi က Shortlist သတင်းဌာနကို ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် Messi က Ronaldo ရဲ့ ကစားဖော်ဟောင်း Wayne Rooney ကိုလည်း ချီးကျူးစကားဆိုထားပါသေးတယ်။ Messi ကို သတင်းဌာနက လာလီဂါမှာ လာကစား ရင် ခြေစွမ်းပြနိုင်မယ့် အင်္ဂလန်ကစားသမား ရှိနိုင်လားလို့ မေးမြန်းတဲ့အပေါ် Messi က မန်ယူ ရဲ့ ကပ္ပတိန် Wayne Rooney ကို ရွေးချယ်ပြီး အဖြေပေးခဲ့ပါတယ်။ " Wayne Rooney ရဲ့ နည်းစနစ်ကျတဲ့ ကစားပုံတွေကို ကြည့်မယ်ဆိုရင်တော့ သူဟာ ဥရောပ ပြိုင်ပွဲ က ကစားသမားတွေအားလုံး လိုပဲ ခြေစွမ်းရှိသူတစ်ဦးဖြစ်ပါတယ်" လို့ Messi ကဆိုပါတယ်။ ပြီးခဲ့တဲ့ ၅ နှစ်အတွင်း တိုင်းတာချက်တွေအရ Messi ဟာ ကလပ်အသင်းနဲ့ နိုင်ငံ အသင်းအတွက် တစ်နှစ်ကို ပျမ်းမျှ ၅၅.၈ ဂိုးသွင်းပေးထားနိုင်ပေမယ့်လည်း Ronaldo ကတော့ ကလပ်အသင်းနဲ့ နိုင်ငံ အသင်းအတွက် တစ်နှစ်ကို ပျမ်းမျှ ၅၇.၂ ဂိုး သွင်းပေးထားနိုင်ခဲ့ပါတယ်။

လွိုင်ကော်မြို့တွင် ယာဉ်တိုက်မှုမှ ဓါးခုတ်မှုဖြစ်ပွားခဲ့

လွိုင်ကော်မြို့ နယ် လွိုင်ကော်-ရှားတော လမ်းမပေါ် (တိုင်းရင်းဆေးရုံရှေ့) တွင် ယာဉ်တိုက်မှုကနေတဆင့် ဓါးခုတ်မှု တစ်ခုဖြစ်ခဲ့ပွားခဲ့ကြောင်း လွိုင်ကော် မြို့နယ်ရဲစခန်း မှသိရပါသည်။ ဖြစ်စဉ်မှာ ချိကယ်ကျေးရွာနေ(၁၂ဘီးမောင်း) ကိုရီးရယ်(အသက် ၃၂) သည် NISSAN (Disel) ကားကို နေအိမ်ခြံဝင်းသို့ ကားနောက်ဆုတ်ဝင်လာစဉ် လွိုင်ကော်-ရှားတော ကားလမ်းမပေါ်တွင် ဆိုင်ကယ်မောင်းနှင်သော ရန်ကုန်ရွေပြည်သာနေ (ပရံအလုပ်သမား) ကိုချစ်ကို (အသက်၃၀)က ဆိုင်ကယ်အရှိန်ကို မထိန်းနိုင်ပဲ ကားကို ၀င်တိုက်မိပြီး နှစ်ဦးစကားများရန်ဖြစ်ရာကနေ ကိုရီးရယ်က မိမိအိမ်ထဲရှိ အရိုးအသွား (၂၈)လက်မခန့်ရှိသော သစ်သားဦးတည့် ဓါးဦးချွန်ကို ဆွဲကာ ချစ်ကို ကို လိုက်ခုတ်ခဲ့ကြောင်းသိရပါသည်။ ထိုကဲ့သို့ လိုက်ခုတ်ရာကနေ ကိုချစ်ကိုက ထွက်ပြေးရာ ကိုရီးရယ်က ကားဖြင့်လိုက်ကာ ခုတ်သဖြင့် ကိုချစ်ကိုသည် မိမိအလုပ်ခွင်ရှိရာသို့ပြေးကာ လုံးပတ် (၁)လက်မ၊ အရှည်(၂၃)လက်မရှိသော သံပိုက်ကို ဆွဲယူကာ တိုင်းရင်းဆေးရုံရှေ့တွင် အပြန်အလှန် ခုတ်ခဲ့ကြောင်းသိရပါသည်။ ထို့ကြောင့် ကိုရီးရယ်သည် ၀ဲဘက်ချိုစောင်းပြတ်ရှဒဏ်ရာ(၁)ချက်၊မျက်နှာ ပြတ်ရှ(၃)ချက်၊ ၀ဲဘက်ခြေကျင်းဝက်ပြတ်ရှ(၁)ချက်၊၀ဲလက်ဖျံပြတ်ရှ(၂)ချက်၊နောက်ကျောပြတ်ရှ(၂)ချက်၊ နောက်ကျောပွန်းခြစ် (၂)ချက်ဖြင့်လည်းကောင်း၊ ကိုချစ်ကိုသည် ဦးခေါင်းပြတ်ရှ(၆)ချက် ၊၀ဲလက်ဖျံပေါက်ပြဲ(၁)ချက်၊ယာညို့သကျဉ် ပြတ်ရှ(၃)ချက်၊ယာလက်ဖျံပြတ်ရှ(၁)ချက် ဖြင့် လည်းကောင်း စသည်ဖြင့် နှစ်ဦးစလုံးက ထိခိုက်ဒဏ်ရာပြင်းထန်မှုရှိသဖြင့် ဆေးရုံတင်ထားပြီး နှစ်ဦးစလုံး အတွင်းလူနာ အဖြစ် စိုးရိမ်ရကြောင်းနှင့်တရားလိုအားဖြင့် ဒုရဲအုပ် အောင်ဆန်းဦးက အမှုဖြင့် စစ်ဆေးထားကြောင်း သိရပါသည်။

မြန်မာနိုင်ငံတွင် ဂျီဟတ်ဆင်နွှဲရန် ပါကစ္စတန်တာလီဘန်များ တိုက်တွန်း

မြန်မာနိုင်ငံမှ မွတ်စလင်များအနေနှင့် နိုင်ငံအုပ်ချုပ်သူများကို ထကြွပုန်ကန်ကြရန် ဇွန် ၈ ရက် တင်္နလာနေ့က ပါကစ္စတန်တာလီဘန်များက တိုက်တွန်းလိုက်ပြီး ထို့အတွက်လိုအပ်သည့် လက်နက်၊ ငွေကြေးနှင့် လေ့ကျင့်ရေးအထောက်အကူများ ၎င်းတို့ထံတွင် အသင့်ရှိကြောင်း ပြောကြားလိုက်သည်။ ပါကစ္စတန်တာလီဘန်အဖွဲ့(TTP)၏ ပြောရေးဆိုခွင့်ရှိသူ အာဆန်နူလာအာဆန်က မြန်မာနိုင်ငံမှ ဖိနှိပ်ခံရိုဟင်ဂျာမွတ်စလင်များအတွက် ၀မ်းနည်းကြောင်း ပြောသည်။ မြန်မာအစိုးရက ရိုဟင်ဂျာဆိုသော အသုံးအနူန်းကို လက်မခံကြောင်း၊ မြန်မာနိုင်ငံတွင် ရိုဟင်ဂျာဆိုသော လူမျိုးဟူ၍ မရှိကြောင်း ပြောဆိုထားသည်။ ရခိုင်ပြည်နယ်တွင် ၂၀၁၂ က လူမျိုးရေးအဓိကရုဏ်းဖြစ်ပွားခဲ့ပြီး လူပေါင်းများစွာ ဒုက္ခသည်စခန်းများတွင် နေထိုင်ရဆဲဖြစ်သည်။
“မြန်မာနိုင်ငံက(မွတ်စလင်)လူငယ်တွေကို ကျွန်ုပ်ပြောမယ်။ ဘုရားသခင်ရဲ့လမ်းစဉ်အတိုင်း ဓါးကိုင်ပြီး သတ်ဖြတ်ကြလော့။ ဘုရာသခင်သည် ကျန်ုပ်တို့နဲ့အတူရှိနေတယ်ဆိုတာကို သံသယမဖြစ်လင့်။ သင်တို့ဘ၀များ သက်သောင့်သက်သာဖြစ်ရေးအတွက် ကျန်ုပ်တို့ရဲ့ လေ့ကျင့်ကွင်းတွေ၊ လူသူလက်နက်အားလုံး အသင့်ရှိတယ်။”ဟု မြန်မာနိုင်ငံကို ဘားမားဟုခေါ်ဆိုထားသော အဆိုပါပြောစကားပါ အသံဖိုင်ကို မီဒီယာများထံ ပေးပို့ခဲ့သည်။ မြန်မာနိုင်ငံ လူဦးရေ၏ ၄ ရာခိုင်နူန်းခန့်သည် မွတ်စလင်များဖြစ်ပြီး ယင်းအနက် ထက်ဝက်ခန့်သည် အဆိုပါ လူနည်းစုများဖြစ်သည်ဟု ဆိုသည်။ TTP အကြမ်းဖက်အဖွဲ့သည် ၂၀၀၇ ခုနှစ်မှစ၍ ပါကစ္စတန်နိုင်ငံတွင် လူပေါင်းထောင်ချီ သတ်ဖြတ်ခဲ့ပြီးဖြစ်သော်လည်း ပြင်ပကမ္ဘာ၏ဖြစ်ရပ်များအပေါ် အာရုံစိုက်မှု များစွာမရှိကြောင်း သိရသည်။ သို့သော် မြန်မာနိုင်ငံမှ အဆိုပါလူနည်းစုများအရေး ကမ္ဘာ့မီဒီယာများတွင် ရေးသားဖော်ပြကြပြီးနောက် ပါကစ္စတန်နိုင်ငံတွင် လူပြောသူပြောများသော ကိစ္စရပ်တခုဖြသ်လာသည်။ ပါကစ္စတန်ဝန်ကြီးချုပ် နာဝဇ်ရှာရစ်ဖ်က အဆိုပါလူမျိုးများအရေး ကူညီဆောင်ရွက်ပေးနိုင်ရန် အထူးကော်မတီတခုဖွဲ့စည်းပေးခဲ့ကြောင်း သတင်းများထွက်ပေါ်နေပြီး ဇွန် ၇ ရက် တနင်္ဂနွေနေ့က ပါကစ္စတန်အလယ်ပိုင်းရှိ မူလ်တန်မြို့တွင် ဆန္ဒပြသူများက မြန်မာနိုင်ငံအလံကို မီးရှို့ခဲ့ကြသည်။ ယင်းသို့ လမ်းပေါ်ထွက် ဆန္ဒပြမှုများ၊ ချီတက်လမ်းလျောက်မှုများ၊ ပြစ်တင်ရှုတ်ချခြင်းများသည် အရာထင်မည်မဟုတ်ကြောင်း၊ ဂျီဟတ်ဆင်နွှဲမှသာ မြန်မာအာဏာပိုင်များ၏အရေးစိုက်မှုကို ခံရမည်ဖြစ်ကြောင်း အာဆန် က ပြောသည်။ TTP အဖွဲ့သည် ယမန်နှစ် ဇွန်လကတည်းက ပါကစ္စတန်အစိုးရ၏ လိုက်လံရှာဖွေတိုက်ခိုက်ခြင်း ခံနေရသဖြင့် တိမ်းရှောင်ထွက်ပြေးနေရသော အဖွဲ့ဖြစ်သည်။ အယ်လ်ခိုင်းဒါးအပါအ၀င် အခြားသောအကြမ်းဖက်အဖွဲ့များက မြန်မာနိုင်ငံရှိ အဆိုပါ လူနည်းစုများအရေး ထောက်ခံအားပေးကြောင်းနှင့် ဂျီဟတ်လုပ်ဆောင်ရန် ခြိမ်းခြောက်ခဲ့ကြသည်။

ဂီတ နားဆင်ခြင်းဟာ နှလုံးရောဂါ အတွက် ကုထုံးတစ်ခု ဖြစ်နေ

ဂီတ ဟာ နှလုံးရောဂါ ဖြစ်နေတဲ့ လူသန်းပေါင်းများစွာ ကို ကုသရာမှာ ကုထုံးတစ်ခု အဖြစ် အသုံးပြုနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုလိုက်ပါတယ်။ သုတေသီတွေ ရှာဖွေတွေ့ရှိခဲ့တာကတော့ ၁၀ စက္ကန့်စာ စည်းချက်သံတွေ ကို ထပ်ခါထပ်ခါ နားထောင်နေခြင်းဟာ သွေးဖိအား ပြောင်းလဲမှုတွေဖြစ်ပေါ်စေသလို နှလုံးခုန်နှုန်း မြန်နေတာကိုလည်း လျော့ကျစေနိုင်ပါတယ်။ Oxford တက္ကသိုလ်က နှလုံးရောဂါဆိုင်ရာ ပရော်ဖက်ဆာ Peter Sleight ဟာ သူ နှစ် ၂၀ ကျော်ကြာ ပြုလုပ်ထားတဲ့ ထို သုတေသနရဲ့ ရလဒ်တွေကို မန်ချက်စတာမြို့မှာ ပြုလုပ်မယ့် ဗြိတိန် နှလုံးသွေးကြောဆိုင်ရာ လူ့အဖွဲ့အစည်း (BCS) ရဲ့ ညီလာခံ မှာ တင်ပြသွားမှာ ဖြစ်တယ်လို့လည်းသိရပါတယ်။ သုတေသီတွေဟာ လူတွေကို မတူညီတဲ့ ဂီတ အမျိုးမျိုးတို့ကို နားဆင်စေပြီး တစ်ယောက်ချင်းစီရဲ့ သွေးဖိအား နဲ့ သွေးခုန်နှုန်း တိုင်းတာချက် တွေအပါအ၀င် နှလုံးသွေးကြောဆိုင်ရာ တုံ့ပြန်မှုတွေကို စစ်ဆေးကြည့်ခဲ့ကြပါတယ်။ တည်ငြိမ်တဲ့ ဂီတတွေနဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့ ဂီတတွေရဲ့ တုံ့ပြန်မှုတွေကတော့ တူညီတဲ့ သက်ရောက်မှုတွေရှိနေခဲ့ပါတယ်။ ဂီတ ကုထုံးဟာ လူနာတွေကို စိတ်တည်ငြိမ်စေတဲ့အတွက် နှလုံးနဲ့ သွေးကြောတွေရဲ့ တုံ့ပြန်မှုတွေကို တည်ငြိမ်သွားစေတဲ့ သက်ရောက်မှုတွေ ဖြစ်ပေါ်စေတာပဲ ဖြစ်ပါတယ်။ ဗြိတိန် နှလုံး ဖောင်ဒေးရှင်းရဲ့ တွဲဖက် ဆေးပညာ ဒါရိုက်တာ ပရော်ဖက်ဆာ Jeremy Pearson ကတော့ စိတ်ဖိစီးမှုတွေဟာ နှလုံးသွေးကြော နဲ့ဆိုင်တဲ့ ရောဂါတွေမှာတော့ အဓိက ကျတဲ့ ကဏ္ဍ တစ်ခုဖြစ်နေပါတယ်။ ဒါကြောင့် စိတ်ငြိမ်သွားစေတဲ့ ဂီတ လို သက်ရောက်မှုတွေဟာ ကုထုံးတစ်ခု အနေနဲ့ အသုံးပြုနိုင်သွားတာ ဖြစ်ပါတယ်။

ခါးနာရောဂါသည် အဆိုးရွားဆုံးသော နာတာရှည်ရောဂါ တစ်မျိုး ဖြစ်လာနိုင်

ခါးနာရောဂါကို ကာလရှည်ကြာ ခံစားနေရပါက ဒုက္ခိတ ဘဝ ရောက်သွား နိုင်ကြောင်း နိုင်ငံ တကာ လေ့လာမှု သုတေသန စစ်တမ်းကြီး က တွေ့ရှိခဲ့သည်။ ကမ္ဘာပေါ်ရှိ နိုင်ငံပေါင်း ၁၈၈ နိုင်ငံတို့တွင် လည်း ခါးနာရောဂါ မှာ နာတာရှည် ရောဂါတစ်မျိုး ဖြစ်နေပြီး နှလုံးရောဂါနှင့် ငှက်ဖျားရောဂါ တို့ကဲ့သို့ သက်တမ်း ရှည်ကြာစွာ လူကို ဒုက္ခပေး တတ်ကြောင်း သိရှိလာရသည်။ ထို့နည်းတူ လည်ပင်းကြီး နေပြီး စောင်းနေ တတ်သော လည်ပင်းနာ ရောဂါကိုလည်း ခါးနာရောဂါ ပြီးလျှင် ဒုတိယ အဆိုးရွားဆုံး ရောဂါကြီး အဖြစ် အင်္ဂလန်နှင့် စကော့တလန် တို့တွင် သတ်မှတ် ထားသည်။ အိုင်ယာလန်နှင့် ဝေလနယ် တို့တွင်မူ တတိယ အဆိုးရွားဆုံး ရောဂါဟု သတ်မှတ်ထား ကြသည်။ ''လူရဲ့ ခန္ဓာကိုယ် ဆိုတာ လှုပ်လှုပ်ရှားရှား လုပ်လို့ရတဲ့ ဖွဲ့စည်းပုံနဲ့ တည်ဆောက် ထားတာပါ။ အခုလို မလှည့်နိုင် ၊ မရွှေ့နိုင်ဘဲ ငုတ်တုတ်ကြီး နေရအောင် ဖွဲ့စည်းထားတာ မဟုတ် ပါဘူး'' ဟု အရိုးအထူးကု ဆရာဝန်ကြီး စတီတိုလန်က ရှင်းပြသည်။ သို့ဖြစ်၍ အသက် ၁၂ နှစ်အရွယ် ကလေးငယ် များကို လက်ကိုင်ဖုန်းများ၊ Tablet များနှင့် အချိန်အကြာကြီး ဂိမ်းကစား နေခြင်းကို မပြုလုပ်ရန် သတိပေး ထားရှိသည်။ အသက် ၃ဝ နှစ် ဝန်းကျင်ရှိ လူရွယ်များ ကိုလည်း ထိုင်ခုံပေါ် ထိုင်၍ အချိန် ကြာမြင့်စွာ ကွန်ပျူတာ များနှင့် အလုပ်လုပ် နေခြင်းကိုပါ ရှောင်ရန် သတိပေး ထားရှိသည်။ ဗြိတန်နိုင်ငံတွင် အဆိုးရွားဆုံး ရောဂါကြီး ၁ဝ မျိုးတွင် သွေးပေါင်ကျခြင်း၊ ဆီးချို၊ နားလေးခြင်း၊ ခေါင်းတစ်ခြမ်း ကိုက်ခြင်းနှင့် လည်ချောင်းနာ ရောဂါ၊ စိတ်ကျရောဂါ နှင့် ခါးနာရောဂါ တို့ ပါဝင်ကြောင်း သိရသည်။ ကမ္ဘာ့လူဦးရေ၏ လေးပုံတစ်ပုံ (သို့မဟုတ်) ၁ ဒသမ ၆ ဘီလီယံ တို့တွင် ခေါင်းကိုက်ရောဂါ ခံစားနေကြ ရပြီး သန်းပေါင်း ၈၅ဝ တို့တွင်မူ ခေါင်းတစ်ခြမ်းကိုက် ရောဂါများ ခံစားနေရကြောင်း Lancet ဆေးပညာ ဂျာနယ်တွင် ရေးသား ဖော်ပြ ထားရှိသည်။ သို့ဖြစ်၍ ကမ္ဘာပေါ်ရှိ လူဦးရေ ၂ဝ တွင် တစ်ဦးသာ ကျန်းကျန်းမာမာ နေထိုင်နိုင်သူများ ဖြစ်သည်။ ကမ္ဘာပေါ်ရှိ နိုင်ငံပေါင်း ၁၈၈ နိုင်ငံတွင် လူဦးရေ ၄ ဒသမ ၃ ရာခိုင်နှုန်းသာ ကျန်းမာ သန်စွမ်းသူများ ဖြစ်နေကြောင်း သိရသည်။

ကျန်းမာရေး အသိဖြင့် အစာအစားများကို စာသုံးကြပါစို့ လား

လူတွေဟာနေ့စဉ် အစားအစာများကိုစားသုံးကြရာမှာ တချို့ဟာ အစာကိုဗိုက်ပြည့်ရင်ပြီးရော ဘာဖြစ်ဖြစ်စားတတ်ကြသလို တချို့ဟာ မိမိကြိုက်တတ်တဲ့ အဆီ၊ အဆိမ့်၊ အချို၊ အငန် စသဖြင့် ရွေးချယ်ပြီး စားသုံးတတ်ကြပါတယ်။ တချို့ကတော့ ဟိုဟာမစားချင်ဘူး၊ ဒီဟာနဲ့မတဲ့ဘူး ဆိုပြီး ဟိုအစာရှောင်၊ ဒီအစာရှောင်နဲ့ အစာနဲနဲပဲ စားတတ်ပါတယ်။ အဲဒီလို စားသုံးကြရာမှာ တွေ့ကရာစားတတ်သူတွေမှာ ၀မ်းပျက်တာ၊ ၀မ်းလျှောတာဖြစ်တတ် သလို၊ မိမိကြိုက်တတ်တဲ့ အစာ – အဆီ၊ အဆိမ့်၊ အချို၊ အငန် စသဖြင့် စားသုံးလေ့ရှိသူတွေမှာ သွေးတိုး၊ ဆီးချို စတဲ့ ရောဂါတွေ ဖြစ်တတ်ပါတယ်။ အစာရှောင်တတ်တဲ့ လူတွေမှာတော့ အာဟာရ ချို့တဲ့ တဲ့ရောဂါတွေရတဲ့အပြင် အာဟာရချို့တဲ့မှုကြောင့် တခြားရောဂါတွေပါ ၀င်ရောက် လာနိုင်ပါတယ်။ ဒါကြောင့် မိမိနေ့စဉ်စားသုံးတဲ့ အစားအစာတွေကို မိမိအနေနဲ့ အားအင်ဖြစ်အောင်၊ ခန္ဓာကိုယ်သန်စွမ်းအောင်နဲ့ ရောဂါတွေမဖြစ်အောင် ရွေးချယ်စားသုံးတတ်ဖို့ လိုပါတယ်။ အစားအစာ တွေကို အဓိကအားဖြင့် အုပ်စု သုံးစုခွဲခြားနိုင်ပါတယ်။ အဲဒါတွေကတော့ အားအင်ဖြစ်စေသောအုပ်စု၊ ခန္ဓာကိုယ်ကြီးထွားစေသောအုပ်စုနဲ့၊ ရောဂါကာကွယ်စေသောအုပ်စုတို့ ဖြစ်ပါတယ်။ အားအင်ဖြစ်စေတဲ့ အုပ်စုမှာ ကျွန်တော်တို့နေ့စဉ်စားသုံးနေတဲ့ ထမင်းအပြင်၊ ပေါင်မုန့်၊ နံပြား၊ ထောပတ်၊ ဆီ၊ သကြား၊ အာလူး၊ ကန်စွန်းဥ၊ ပိန်းဥ၊ ပြောင်းဖူး၊ ပြီးတော့ အချိုဓာတ်ပါဝင်တဲ့ အစားအစာတွေဖြစ်တဲ့ ထန်းလျက်၊ ကြံသကာ၊ သကြားလုံး၊ ဘီစကွတ် စတာတွေ ဖြစ်ပါတယ်။ နောက် ခန္ဓာကိုယ်ကြီးထွားစေတဲ့ အုပ်စုမှာတော့ အသား၊ ငါး၊ ပုစွန်၊ ကြက်ဥ၊ ဘဲဥ စတဲ့ ဥအမျိုးမျိုး၊ ပဲအမျိုးမျိုး၊ နို့နဲ့ နို့ထွက်ပစ္စည်း စတာတွေပါဝင်ပါတယ်။ ရောဂါကာကွယ်စေတဲ့ အုပ်စုမှာတော့ အသီးအရွက်အမျိုးမျိုးဖြစ်တဲ့ ကန်စွန်းရွက်၊ မုန်ညှင်း၊ ဟင်းနုနယ်၊ ဘူးညွန့်၊ ဒန့်သလွန်ရွက်၊ မြင်းခွာရွက် စတာတွေအပြင် ငှက်ပျောသီး၊ သင်္ဘောသီး၊ လိမ္စေ္မ်ာသီး၊ နာနတ်သီး၊ ရွှေဖရုံသီး စတဲ့ အ၀ါရောင်ရှိတဲ့ အသီးအနှံတွေနဲ့ မုန်လာဥနီ၊ ပဲတောင့်ရှည်၊ ကြက်ဟင်းခါးသီး၊ ပဲစောင်းလျားသီး၊ ဆီးဖြူသီး၊ ပဲပင်ပေါက် စတာတွေဖြစ်ပါတယ်။ အဲ့ဒီအစာအုပ်စုကြီးသုံးခုစလုံးကို နေ့စဉ် မျှတအောင် မှီဝဲသုံးဆောင်တတ်ဖို့လိုပါတယ်။ ဒါမှ ကျန်းမာသန်စွမ်းပြီး တော်ရုံတန်ရုံနဲ့ ရောဂါမဖြစ်ပွားနိုင်ပါဘူး။ မြန်မာလူမျိုးတွေ စားသုံးလေ့ရှိတဲ့ အစားအစာတွေဟာ အစာအုပ်စုသုံးခုစလုံး ပါဝင်ပါတယ်။ ဥပမာ – အသား ဟင်း (ဒါမှမဟုတ်) ပဲဟင်းတခွက်၊ အသီးအရွက်အရည်သောက်နဲ့၊ အတို့အမြှုပ်တို့ကို ထမင်းနဲ့စားသုံး ကြတဲ့ အတွက် အစာအာဟာရမျှပါတယ်။ အများအားဖြင့်တော့မြန်မာတွေဟာ အဆီနဲ့ အငန်ကို ပိုမိုစားသုံးကြပါတယ်။ အဆီ နဲ့ အငန်ကို အများအပြားနေ့စဉ်စားသုံးသူတွေဟာ သွေးတိုး၊ ဆီးချို ရောဂါတွေနဲ့ ဆက်စပ်မှုရှိပြီး အသည်းအဆီဖုံးရောဂါ၊ နှလုံးရောဂါ၊ ကင်ဆာ စတာတွေ ဖြစ်ပွာနိုင်ချေ များပါတယ်။ ဒါကြောင့်လည်း ကျန်းမာရေးဝန်ကြီးဌာက TV ၊ ရေဒီယို စတာတွေကနေ အဆီနဲ့အငန်ဓာတ်ကို လက်ရှိစားသုံးနေသည်မှ ထက်ဝက် လျှော့ချရန် အသိပေးကြေငြာနေတာဖြစ်ပါတယ်။ ကျွန်တော်တို့ စားသုံးနေတဲ့ အစားအစာတွေထဲမှာပါဝင်တဲ့ စွမ်းအင်ပမာဏကို kilo-calorie နဲ့တွက်ချက်ပါတယ်။ အလုပ်ကြမ်းလုပ်ရတဲ့ အရွယ်ရောက်ပြီး အမျိုးသားတယောက်အနေနဲ့ တနေ့ကိုလိုအပ်တဲ့ စွမ်းအင်ပမာဏက ၃၅၀၀ kilo-calorie လိုအပ်ပြီး အမျိုးသမီးဆိုရင် ၂၂၅၀ kilo-calorie လိုအပ်ပါတယ်။ ပုံမှန် သွားသွားလာလာ အလုပ်လုပ်တဲ့သူတွေမှာတော့ အမျိုးသားဆိုရင်၂၇၀၀ kilo-calorie လိုပြီး အမျိုးသမီးမှာ ၂၀၀၀ kilo-calorieလိုပါတယ်။ နားနားနေနေ နေရတဲ့လူတွေမှာတော့ အမျိုးသားဆိုရင် ၂၀၀၀ kilo-calorie လိုပြီး အမျိုးသမီးဆိုရင် ၁၆၀၀ kilo-calorie လိုပါတယ်။ ဒီလိုလိုအပ်တဲ့ calorie ပမာဏ ပြည့်မီအောင် အားအင်ဖြစ်စေတဲ့ အုပ်စုကို လုံလုံ လောက်လောက်စားပေးရပါမယ်။ ကျွန်တော်တို့နိုင်ငံက အစာရေစာပေါကြွယ်ဝတဲ့ နိုင်ငံဖြစ်လို့ အာဟာရချို့တဲ့တာရှားပါတယ်။ ပေါများတာကတော့ အဆီအစိမ့် အစားများပြီး အ၀လွန်နေတဲ့ လူတွေပဲပေါပါတယ်။ ဒါပေမယ့် အချို့ ဗီတာမင်ချို့တဲ့တဲ့ လူတွေလဲရှိပါတယ်။ ဗီတာမင်ချို့တဲ့ တာဟာ လူကြီးတွေမှာ ဖြစ်ရင် ခံနိုင်ရည်ရှိလို့ ဗီတာမင်ချို့တဲ့ တဲ့ လက္ခဏာ သိပ်မတွေ့ရပေမယ့် ကလေးသူငယ်တွေမှာ ချို့တဲ့ရင်အသက်အန္တရာယ်ကိုပါ ထိခိုက်နိုင်ပါတယ်။ ခန္ဓာကိုယ် ကြီးထွား ဖွံ့ဖြိုးနေတဲ့ ကလေးသူငယ်အရွယ်တွေမှာ အာဟာရကို ပြည့်ဝမျှတအောင် စားသုံးပေးဖို့ အရေးကြီးပါတယ်။ ဗီတာမင်တွေကို ခန္ဓာကိုယ်က မထုတ်လုပ်ပါဘူး။ ဗီတာမင်ကို ကျွန်တော်တို့ နေ့စဉ်စားသုံးတဲ့ အစားအစာတွေက ရပါတယ်။ လူတယောက်အသက်ရှင်ဖို့ အတွက် ခန္ဓာကိုယ်က ဗီတာမင်လိုအပ်ပါတယ်။ Vitamin ဆိုတဲ့ စကားကိုက Latin(လက်တင်)ဘာသာကနေ ဆင်းသက်လာပြီး Vita = အသက်၊ amine =ဖြစ်စေခြင်း (အသက်ရှင်ဖို့အတွက်မရှိမဖြစ်) လို့အဓိပ္ပာယ်ရပါတယ်။ လူတွေရဲ့ အဓိကလိုအပ်တဲ့ vitamin တွေကတော့ Vit A, Vit D, Vit E, Vit K ပြီးတော့ Vit B complex ရဲ့ အဓိကအစိတ်အပိုင်းတွေဖြစ်တဲ့ B1 ခေါ်သိုင်ယာမင်း၊ B2 ခေါ် ရိုင်ဘိုဖလေဗင်၊ B3 ခေါ် နိုင်ယာစင်ဓာတ်၊ B6 ခေါ် ပိုင်ရီဒေါက်စင်း၊ ဘိုင်အိုတင်၊ Folate, B12 နဲ့ Vitamin C တို့ဖြစ်ပါတယ်။ Vitamin A က အသည်း၊ နို့နဲ့ နို့ထွက်ပစ္စည်းတွေ၊ ငါးကြီးဆီ စတာတွေမှာပါဝင်ပါတယ်။ Vit A ချို့တဲ့ ရင် အဓိကအားဖြင့် မျက်စိကိုထိခိုက်ပါတယ်။ ညဘက်မျက်စိကွယ်ခြင်း (ကြက်မျက်သင့်) ရောဂါ စတင်ဖြစ်ပြီး နောက်ပိုင်း လုံးဝမျက်စိကွယ်တဲ့ အထိဖြစ်တတ်ပါတယ်။ အရေပြားမှာခြောက်သွေ့ခြင်း၊ အသားမာပေါ်ခြင်းစတာတွေဖြစ်တတ်ပါတယ်။ Vit D ချို့တဲ့ ရင်တော့ အရိုးပျော့နာဖြစ်တတ်ပါတယ်။ Vit D က အဓိကအားဖြင့် နေရောင်ကနေ အရေပြားကို ထိရာမှ အရေပြားကနေ ခန္ဓာကိုယ်ထဲကို Vit D ဓာတ်ထုတ်ပေးပါတယ်။ ကြက်ဥဘဲဥ အနှစ်၊ ငါးကြီးဆီ၊ ထောပတ်၊ နို့စတာတွေမှာ Vit D အနည်းငယ် ပါဝင်ပါတယ်။ ကလေးတွေမှာ Vit D ချို့တဲ့ရင် နံရိုးလေးတွေက ပုတီးစေ့လေးတွေလို ဖြစ်လာပါတယ်။ ထိရင်နာတယ်။ စိတ်ကောက်လွယ်တယ်။ ခြေချင်းဝတ်၊ လက်ကောက်ဝတ် ရောင်လာတယ်။ ခေါင်းခွံ အရိုးမှာ ပျော့တဲ့ နေရာလေးတွေ စမ်းမိလာပါတယ်။ ခြေထောက်ခွင်လာပါတယ်။ Vit E ကတော့ဟင်းသီးဟင်းရွက်ဆီနဲ့ ကောက်ပဲသီးနှံတွေမှာ အများအပြားပါပါတယ်။ Vit E ကခန္ဓာကိုယ်ရဲ့ အဓိက cell တွေကိုထိန်းသိမ်းပါတယ်။ Vit E ချို့တဲ့တာရှားပါတယ်။ ချို့တဲ့ရင်တော့ ပထမဆုံး သွေးအားနည်းတာ ဖြစ်တတ်ပါတယ်။ Vit E က နှလုံးသွေးကြောရောဂါတွေ ဖြစ်ပွားမှုကို ကာကွယ်ပေးတယ်လို့ လေ့လာမှုတွေက ဆိုပါတယ်။ Vit K ကတော့သွေးခဲခြင်းဖြစ်စဉ်မှာပါဝင်ပြီး ချို့တဲ့ရင်တော့ သွေးထွက်ရင်သွေးတိတ်နှေးတာ ဖြစ်တတ်ပါတယ်။ အစိမ်းရောင်ရှိတဲ့ အသီးအရွက်နဲ့ အသည်းမှာ အများအပြား ပါဝင်ပါတယ်။ မွေးကင်းစကလေးငယ်တွေမှာ ချို့တဲ့တာဖြစ်တတ်ပါတယ်။ မိခင်ကနေ အချင်းမှတဆင့် Vit K ရရှိတာ မလုံလောက်ခြင်း၊ မိခင်နို့မှာ Vit K အနည်းငယ်သာပါရှိခြင်းတို့ကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် ဆေးရုံတွေမှာ မွေးကင်းစကလေးတိုင်းကို Vit K ထိုးပေးပါတယ်။ Vit B2 လို့ခေါ်တဲ့ ရိုင်ဘိုဖလေဗင် ချို့တဲ့ရင်တော့ လျှာမှာနီရဲပြီး ရောင်လာခြင်း၊ ကျီးကန်းပါးစပ်လို့ ခေါ်တဲ့ ပါးစပ်ထောင့်တွေ နာကျင်ပြီး ကွဲအက်ခြင်း စတာတွေဖြစ်တတ်ပါတယ်။ နို့နဲ့ နို့ထွက်ပစ္စည်းတွေမှာ ပါဝင်ပါတယ်။ နိုင်ယာစင်ဓာတ်ချို့တဲ့ရင်တော့ Pellagra လို့ခေါ်တဲ့ အရေပြားမှာ ရောင်ရမ်းနီရဲခြင်း၊ လျှာနဲ့ပါးစပ်ပူလောင် နီမြန်းခြင်း၊ ၀မ်းလျှောခြင်းနဲ့ နောက်ပိုင်းစိတ်အနှောင့်အယှက်ဖြစ်ခြင်း စတာတွေဖြစ်တတ်ပါတယ်။ ပြောင်းဆန်ကို အဓိက အစားအစာအဖြစ် စားသုံးတဲ့လူတွေမှာဖြစ်ပါတယ်။ Niacin ဓာတ်ဟာ လတ်လတ်ဆတ်ဆတ် အသားငါးတွေနဲ့ အသီးအရွက်တွေမှာ ပါပါတယ်။ Vit B6 ခေါ် ပိုင်ရီဒေါက်စင်းဟာ အစားအစာအများစုမှာ ပါဝင်ပါတယ်။ အဓိကအများဆုံးပါဝင်တာကတော့ အသားငါး၊ အာလူး၊ ငှက်ပျောသီးတို့မှာ ပါပါတယ်။ B6 ချို့တဲ့တာရှားပါတယ်။ Vit C ခေါ် ascorbic acid ချို့တဲ့ရင် Scurvy ရောဂါဖြစ်ပါတယ်။ သွားဖုံးတွေရောင်လာမယ်။ သွားဖုံးက သွေးထွက်လွယ်မယ်။ အရေပြားမှာ အညိုအမည်းကွက်တွေ ပေါ်လာမယ်။ သွေးအားနည်းတာတွေဖြစ်လာ ပါတယ်။ Vit C အဓိကပါဝင်တဲ့ အစားအစာတွေကတော့ လတ်လတ်ဆတ်ဆတ် အသီးအရွက်တွေ၊ ရှောက်သီး၊ ခရမ်းချဉ်သီး၊ အာလူး စတာတွေမှာပါဝင်ပါတယ်။ ဒီနေရာမှာ အဓိကပြောချင်တာကတော့ မြန်မာနိုင်ငံက နို့စို့အရွယ်နဲ့ တစ်နှစ်အောက် ကလေးငယ်တွေမှာ အဖြစ်များတဲ့ B1 ချို့တဲ့တဲ့ ရောဂါဖြစ်တဲ့ Beri Beri ရောဂါဖြစ်ပြီး အသက်အန္တရာယ် ထိခိုက်တဲ့ ရောဂါဖြစ်ပါတယ်။ မြန်မာလို သူငယ်နာရောဂါလို့ ခေါ်ပါတယ်။ နို့စို့အရွယ် တစ်နှစ်အောက်ကလေးငယ်တွေဟာ မိခင်နို့ကို အဓိက အစာအာဟာရအဖြစ် စားသုံးနေရတာဖြစ်ပါတယ်။ မိခင်ဟာ အစာအာဟာရပြည့်ဝအောင် မစားဘဲ အစာကို ဟိုဟာရှောင်၊ ဒီဟာရှောင်နေရင် မိခင်အနေနဲ့ ဘာမှမဖြစ်ပေမယ့် နုနယ်တဲ့ ကလေးငယ်တွေမှာ မိခင်နို့မှာ Vitamin လုံလောက်အောင်မပါတဲ့အတွက် Vitamin ချို့တဲ့ပြီး အသက်အန္တရာယ် ဖြစ်စေတဲ့အထိ ထိခိုက်ပါတယ်။ Vit B1 ချို့တဲ့တဲ့ Beri Beri ရောဂါဟာ မိခင်နို့ မသောက်သုံးရတဲ့ ကလေးတွေ၊ မိခင်နို့တိုက်သော်လည်း အမေ အစားရှောင်တဲ့ ကလေးတွေမှာ အဓိကဖြစ်ပါတယ်။ တချို့မိခင်တွေ အယူမှားနေတာက သူငယ်နာဖြစ်မှာစိုးလို့ အစားရှောင်တာလို့ ပြောပါတယ်။ အမှန်ကတော့ အမေအစားရှောင်လို့ ကလေးမှာ သူငယ်နာရောဂါဖြစ်တာ ဖြစ်ပါတယ်။ ဒါကြောင့် နို့တိုက်မိခင်တစ်ဦး အနေနဲ့ မိမိရဲ့ကလေးငယ် ရောဂါဘယကင်းရှင်းပြီး ကျန်းမာသန်စွမ်းစေချင်တယ် ဆိုရင် အစာမရှောင်ဘဲ အစာအုပ်စုသုံးခုစလုံးကို မျှတအောင် စားပေးရပါမယ်။ အခုခေတ်အထိ မိခင်နို့စို့တဲ့ ကလေးတစ်ဦးအတွက် မိခင်နို့ရည်ထက်ပိုကောင်းတဲ့ အရာကို သိပ္ပံ ပညာရှင်တွေ မတီထွင်နိုင်သေးပါဘူး။ မိခင်နို့ရည်သာ ကလေးငယ်အတွက် အသင့်အလျော်ဆုံးနဲ့ အကောင်းဆုံး ဖြစ်ပါတယ်။ မွေးဖွားပြီး နာရီဝက်အတွင်း မိခင်နို့ရည်ကို စတိုက်သင့်ပါတယ်။ ပထမဆုံးထွက်တဲ့ နို့ရည်ကြည်မှာ ကလေးအတွက် ရောဂါကာကွယ်ပေးမယ့် ပဋိပစ္စည်းတွေ အများအပြားပါဝင်လို့ ပထမဆုံးထွက်တဲ့ နို့ရည်ကြည်ကို တိုက်ရပါမယ်။ ကလေးအသက် ခြောက်လကျော်ရင်တော့ ဖြည့်စွက်စာတွေဖြစ်တဲ့ ထမင်းရည်၊ ဆန်ပြုတ်၊ ထမင်းပျော့ပျော့၊ အာလူး၊ ငှက်ပျောသီးမှည့်၊ သင်္ဘောသီးမှည့်၊ ဟင်းရွက်၊ အသည်း၊ ပဲဟင်းချို၊ ကြက်ဥ၊ ဘဲဥ၊ ငါး၊ အသား စတာတွေကို တမျိုးစီ ဖြည်းဖြည်း အကျင့်လုပ်ပြီး ကျွေးပေးရပါမယ်။ နို့တိုက်မိခင်ကလည်း အစားမရှောင်ဘဲ အစုံစားရပါမယ်။ B1 ပါဝင်တဲ့ အစားအစာတွေကတော့ အဓိကအားဖြင့် ဆန်စပါး၊ ဂျုံ စတဲ့ ကောက်ပဲသီးနှံ၊ ပဲအမျိုးမျိုး၊ ဟင်းသီးဟင်းရွက်၊ အသား စတာတွေမှာ ပါပါတယ်။ B1 ဓာတ်ဟာ အဓိကအားဖြင့် ကျွန်တော်တို့ နေ့စဉ်စားသုံးနေတဲ့ ဆန်ရဲ့ အပေါ်ယံအလွှာမှာ ပါဝင်ပါတယ်။ ဆန်ကို အထပ်ထပ် ပွတ်တိုက်ဆေးကြောပစ်ရင် အပေါ်ယံအလွှာက B1 ဓာတ်တွေဟာ ပျက်ပြယ်သွားတဲ့အတွက် အဲဒီဆန်နဲ့ချက်တဲ့ ထမင်းမှာ B1 ဓာတ်ချို့တဲ့ပါတယ်။ ဒါကြောင့် ထမင်းချက်ရင် ဆန်ကိုတအားပွတ်မဆေးဘဲ အလွန်ဆုံး တစ်ထပ်ပဲဆေးပြီး ရေခန်းချက်တာ အသင့်လျော်ဆုံးပါပဲ။ အသက်တစ်နှစ်အောက် ကလေးငယ်တွေမှာ B1 ချို့တဲ့ရင် ရုတ်တရက် အသက်ရှူရခက်ပြီး မောလာတာ၊ နို့မစို့နိုင်ဖြစ်ပြီးအန်တာ၊ ခြေဖျားလက်ဖျားးတွေအေးပြီး ပြာလာတာ၊ နှုတ်ခမ်းတွေ ပြာလာတာ၊ ရုတ်တရက်ဖျားလာတာတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် အဓိကလက္ခဏာတွေ မိမိရဲ့ နို့စို့အရွယ် ရင်သွေးငယ်တွေမှာ ဖြစ်ရင် နီးစပ်ရာ ကျန်းမာရေးဌာနကို အမြန်ဆုံးပြသဖို့လိုပါတယ်။ ဒါကြောင့် အစားအစာ စားသုံးရာမှာ ဖြစ်သလို တော်သလို စားသုံးခြင်းမပြုဘဲ အာဟာရဓာတ်ဖြစ်မယ့် အစားအစာများကို မျှတအောင် ရွေးချယ်စိစစ်ပြီး စားသုံးရပါမယ်။ အထူးသဖြင့် အစာအာဟာရနဲ့ Vitamins တွေပိုမိုလိုအပ်တဲ့ ကိုယ်ဝန်ဆောင်မိခင်၊ နို့တိုက်မိခင်နဲ့ နို့စို့အရွယ်ကလေးငယ်တွေ ခန္ဓာကိုယ်ဖွံ့ဖြိုး ကြီးထွားနေတဲ့ ကလေးတွေနဲ့ အသက်ကြီးသူတွေမှာ ပိုမိုဂရုပြုစားသုံးသင့်ပါတယ်။ ဒါကြောင့်မိမိတို့ နေ့စဉ်စားသုံးတဲ့ အစားအစာတွေမှာ မည်သည့်အစာမှာ မည်သို့သော အာဟာရဓာတ် ပါဝင်ကြောင်းကို သိရှိ နားလည်ပြီး အစာအုပ်စု သုံးစုလုံးကို မျှတအောင် ရွေးချယ်စားသုံးပါက ရောဂါဘယကင်းဝေးပြိး ကျန်းမာသန်စွမ်းတဲ့ ဘ၀ကို ရရှိစေမှာဖြစ်ပါတယ်။

ဒေါ်လာဈေးမတည်ငြိမ်မှုကြောင့် ငွေလဲကောင်တာအချို့ အရောင်းပိတ်

ရက်ပိုင်းအတွင်း ဒေါ်လာဈေးအတက်ကြမ်းခဲ့ပြီးတဲ့နောက်ပိုင်း မြန်မာနိုင်ငံအတွင်းက တရားဝင်ငွေလဲကောင်တာတချို့မှာ ဒေါ်လာအရောင်းပိတ်တာတွေ ရှိလာပါတယ်။ ဒေါ်လာပေါက်ဈေးဟာ ဇွန်လ ၁၀ ရက်နေ့မှာ ၁ ဒေါ်လာကို မြန်မာငွေ ၁၂၀၀ကျော် အထိ ဈေးပေါက်ခဲ့တာကြောင့် ဒါဟာ ဗဟိုဘဏ်ရည်ညွှန်းဈေးနဲ့ ကွာခြားတာကြောင့် နောက်ဆက်တွဲ အကျိုးဆက်တွေအဖြစ် သွင်းကုန်ဈေးတက်ခြင်း၊ ရွှေဈေးမြင့်တက်လာခြင်း စတာတွေပါ ဆက်လက်ဖြစ်ပေါ်လာပါတယ်။ လက်ရှိဈေးကွက်မှာတော့ ဗဟိုဘဏ်ခွင့်ပြုချက်နဲ့ ဖွင့်လှစ်ထားတဲ့ ငွေလဲကောင်တာတွေမှာတော့ လက်ကျန်ဒေါ်လာငွေမရှိတာကြောင့် မရောင်းချနိုင်ကြောင်း အကြောင်း ပြထားပါတယ်။ ဒီ့အတွက် ဘဏ်တခုကပြောဆိုရာမှာတော့ အဓိက ဒေါ်လာရောင်းတဲ့သူရှိမှ ပြန်ရောင်းချပေးနိုင်မယ်လို့ ဆိုထားပါတယ်။ ဇွန်လ ၁၀ ရက်နေ့မှာတော့ ဒေါ်လာငွေလဲလှယ်နှုန်း ၁ ဒေါ်လာကို မြန်မာငွေ ၁၃၀၀ နီးပါးရှိခဲ့ပြီး၊ ဇွန်လ ၁၁ ရက်နေ့မှာတော့ ၁၂၀၀ ၀န်းကျင်နဲ့၊ ဇွန်လ ၁၂ ရက်နေ့မှာတော့ ၁၁၈၅ ကျပ် ဖြစ်ခဲ့ပါတယ်။

မြန်မာက ဗီယက်နမ်ကို ၂-၁ ဂိုးဖြင့် အနိုင်ယူပြီး ဗိုလ်လုပွဲတက်

ဆီးဂိမ်းဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် မြန်မာယူ ၂၃ နဲ့ ဗီယက်နမ်အသင်းတို့ ဒီနေ့ယှဉ်ပြိုင်ကစားခဲ့ကြပြီး မြန်မာအသင်းက ၂-၁ ဂိုးနဲ့ အနိုင်ရရှိပြီး ဗိုလ်လုပွဲကို တက်ရောက်သွားပါတယ်။ မြန်မာအသင်းက အနီရောင်ဝတ်စုံနဲ့ ပွဲထွက်ခဲ့ပြီး ဗီယက်နမ်ကတော့ အဖြူရောင်ဝတ်စုံနဲ့ ယှဉ်ပြိုင်ကစားခဲ့ကြပါတယ်။ ပွဲစစချင်း ၁ မိနစ်အတွင်းမှာ မြန်မာအသင်းက ပြစ်ဒဏ်ဘောရရှိခဲ့ပါတယ်။ ပြစ်ဒဏ်ဘောကို အသင်းခေါင်းဆောင် နေလင်းထွန်း ကန်သွင်းခဲ့ပေမယ့် ဗီယက်နမ်က ခေါင်းတိုက်ဖျက်ထုတ်နိုင်ခဲ့ပါတယ်။ ပွဲချိန် ၃ မိနစ်မှာ ဗီယက်နမ်အသင်းက ကျောနံပါတ် ၁၇ အပိုင်ကန်သွင်းခွင့်ရခဲ့ပေမယ့် ဂိုးစည်း ကျော်သွားခဲ့ပါတယ်။ ပွဲကစားချိန် ၇ မိနစ်မှာ ဗီယက်နမ်အသင်းကပဲ တောက်လျှောက်ဖိကစားပြီး မြန်မာအသင်းကတော့ အချိတ်အဆက်မမိဖြစ်နေပါတယ်။ ပွဲချိန် ၁၀ မိနစ်မှာလည်း ဗီယက်နမ်က ရှေ့တန်းတိုက်စစ်မှူး ကျောနံပါတ် ၁၇ မြန်မာဂိုးသမားနဲ့ တယောက်ချင်း အပိုင်ကန်သွင်းခွင့်ရပေမယ့် ဂိုးသမား ဖျက်ထုတ်နိုင်ခဲ့ပါတယ်။ ပွဲချိန် ၁၈ မိနစ်မှာ ဗီယက်နမ်အသင်းက မြန်မာဂိုးဧရိယာအစပ်နားမှာ ဖြစ်ဒဏ်ဘော ကန်ခွင့်ရခဲ့ပါတယ်။ ပြစ်ဒဏ်ဘောကို ဂိုးရှေ့ချပေးလို့ ခေါင်းတိုက်သွင်းရာမှာ ဂိုးတိုင်ပေါ် ကျော်တက်သွားလို့ မြန်မာအသင်း သက်သာရာရခဲ့ပါတယ်။ ၂၄ မိနစ်မှာတော့ မြန်မာအသင်းက ပြစ်ဒဏ်ဘောရရှိခဲ့ပါတယ်။ ပြစ်ဒဏ်ဘောကို ဂိုးဧရိရှေ့ ချပေးခဲ့ပေမယ့် ဗီယက်နမ်နောက်ခံလူတွေ ဖျက်ထုတ်နိုင်ခဲ့ပါတယ်။ ပွဲချိန် ၂၇ မိနစ်မှာ ဗီယက်နမ်ရှေ့တန်းလူ ကန်သွင်းခွင့်ရပေမယ့် မြန်မာဂိုးသမား ကာကွယ်နိုင်ခဲ့ပါတယ်။ မိနစ် ၃၀ မှာ မြန်မာအသင်းက ထောင့်ကန်ဘောရရှိခဲ့ပါတယ်။ ထောင့်ကန်ဘောကို လှိုင်းဘိုဘိုက ဗီယက်နမ်ဂိုးရှေ့ ချပေးရာမှာ ဂိုးသမား ဖမ်းယူနိုင်ခဲ့ပါတယ်။ ပွဲချိန် ၃၆ မိနစ်မှာ မြန်မာအသင်း ပြစ်ဒဏ်ဘော ကန်ခွင့်ရပါတယ်။ ပြစ်ဒဏ်ဘောကို အသင်းခေါင်းဆောင် နေလင်းထွန်း ကန်သွင်းယူရာမှာ ဗီယက်နမ်က လက်ထိဘောကျူးလွန်လို့ ပင်နယ်တီရခဲ့ပါတယ်။ အဲဒီပင်နယ်တီကို စည်သူအောင်က အသာအယာပဲ ဂိုးသမားရဲ့ ဘယ်ဘက်ထောင့်ကို ကန်သွင်းယူခဲ့ပါတယ်။ ပွဲချိန် မိနစ် ၄၀ မှာ ဗီယက်နမ်က ထောင့်ကန်ဘောကန်ခွင့်ရခဲ့ပေမယ့် မြန်မာဂိုးသမား ကျော်ဇင်ဖြိုး ဖမ်းယူနိုင်ခဲ့ပါတယ်။ မြန်မာဂိုးသမားဟာ ဗီယက်နမ်အသင်းရဲ့ အပိုင်ကန်သွင်းချက် အတော်များများကို လက်စွမ်းပြ ကာကွယ်နိုင်ခဲ့ပါတယ်။ ပွဲချိန် ၄၃ မိနစ်မှာ ဗီယက်နမ်အသင်းက ပြစ်ဒဏ်ဘော ကန်သွင်းခွင့်ရပေမယ့် မြန်မာနောက်ခံလူတွေ ဖျက်ထုတ်နိုင်ခဲ့ပါတယ်။ ဒီနောက်မှာတော့ ပထမပိုင်းပြီးဆုံးချိန်အထိ တဖက်နဲ့တဖက် ဂိုးမသွင်းနိုင်ဘဲ ၁-၀ ဂိုးနဲ့ မြန်မာက အနိုင်ရရှိနေပါတယ်။ ဒုတိယပိုင်း ပွဲစစချင်းမှာလည်း ဗီယက်နမ်ကပဲ အချိန်အဆက်မိမိ ထိုးဖောက်ကစားခဲ့ပြီး မြန်မာအသင်းက တခါတရံမှာတော့ ပြန်လည် ထိုးဖောက်နိုင်ခဲ့ပါတယ်။ ပွဲချိန် ၅၀ မှာ ရှိုင်းသူရကို ဖျက်ထုတ်တာ ကြမ်းတဲ့အတွက် မြန်မာအသင်းက ပြစ်ဒဏ်ဘောကန်ခွင့်ရခဲ့ပါတယ်။ ပြစ်ဒဏ်ဘောကို မြန်မာအသင်းခေါင်းဆောင် နေလင်းထွန်း ကန်တင်ရာမှာ များသွားပြီး ဂိုးလွန်ဘော ဖြစ်သွားခဲ့ပါတယ်။ ပွဲချိန် ၅၁ မိနစ်မှာ ဗီယက်နမ်အသင်းက ကျောနံပါတ် ၁၀ ကန်သွင်းခွင့်ရပေမယ့် မြန်မာအသင်းရဲ့ ဂိုးညာဘက်ကနေ ထွက်သွားပါတယ်။ ပွဲချိန် ၅၄ မိနစ်မှာလည်း ဗီယက်နမ်အသင်းက ကျောနံပါတ် ၁၇ အပိုင်ကန်သွင်းတာကို မြန်မာဂိုးသမားက ကာကွယ်နိုင်ခဲ့ပါတယ်။ ပွဲချိန် ၆၄ မိနစ်မှာ ဗီယက်နမ်အသင်းက ထောင့်ကန်ဘောကန်ခွင့်ရခဲ့ပြီး ဂိုးရှေ့ကန်တင်ရာမှာ မြန်မာနောက်တန်းလူတွေ ဖျက်ထုတ်နိုင်ခဲ့ပါတယ်။ ပွဲချိန် ၆၅ မိနစ်မှာလည်း ဗီယက်နမ်ရှေ့တန်းတိုက်စစ်မှူး ကျောနံပါတ် ၁၇ ပဲ ခေါင်းတိုက်ခွင့်ရခဲ့ပေမယ့် ဂိုးဘားပေါ် ကျော်တက်သွားလို့ မြန်မာအသင်း သက်သာရာရခဲ့ပါတယ်။ မိနစ် ၇၀ အထိ ဗီယက်နမ်အသင်းကပဲ တောက်လျှောက်ဖိကစားခဲ့ပေမယ့် ဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိခဲ့ပါဘူး။ မြန်မာအသင်းကတော့ ချေပဂိုး ပြန်မပေးရဖို့ ခံစစ်ပဲ ကစားနေရတာပါ။ ပွဲချိန် ၇၁ မိနစ်မှာတော့ ဗီယက်နမ်အသင်းက ချေပဂိုး ပြန်လည်ရရှိသွားပါတယ်။ ကျော်နံပါတ် ၂၅ က သွင်းယူခဲ့တာပါ။ ပွဲချိန် ၇၆ မိနစ်မှာတော့ မြန်မာအသင်းက ထောင့်ကန်ဘောရရှိခဲ့ပါတယ်။ စည်သူအောင် ဂိုးရှေ့ချပေးခဲ့ပေမယ့် ဂိုးသမား ဖမ်းယူနိုင်ခဲ့ပါတယ်။ ပွဲချိန် ၇၈ မိနစ်မှာတော့ မြန်မာအသင်းက ဒုတိယဦးဆောင်ဂိုးရရှိခဲ့ပါတယ်။ ဒီဂိုးကိုတော့ မြန်မာအသင်းခေါင်းဆောင် နေလင်းထွန်းက ဗီယက်နမ်ဂိုးသမားရဲ့ ညာဘက်ထောင့်ကို လှလှပပ ကန်သွင်းယူခဲ့တာ ဖြစ်ပါတယ်။ ဒီနောက် ပွဲချိန်ပြီးဆုံးချိန်ထိ ဗီယက်နမ်အသင်းက အချိန်အဆက်မိမိနဲ့ ထိုင်းဖောက်ကစားခဲ့ပေမယ့် ချေပဂိုး ပြန်လည်သွင်းယူနိုင်ခဲ့ခြင်း မရှိဘဲ ၂-၁ ဂိုးနဲ့ မြန်မာအသင်းက အနိုင်ရရှိသွားပါတယ်။ မြန်မာ ယူ၂၃ အသင်း ပွဲထွက်စာရင်းကတော့ ဂိုး- ကျော်ဇင်ဖြိုး၊နောက်တန်း- ကျော်ဇင်လွင်၊ သိန်းနိုင်ဦး၊ ဖြိုးကိုကိုသိန်း၊ ဟိန်းသီဟဇော်၊ အလယ်တန်း- နေလင်းထွန်း၊ လှိုင်းဘိုဘို၊ ရဲကိုဦး၊ စည်သူအောင်၊ ရှေ့တန်း- ကောင်းဆက်နိုင်နဲ့ ရှိုင်းသူရတို့ ဖြစ်ပါတယ်။

အဖမ်းခံကျောင်းသားများ အတွက် ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်

ပညာရေးဒီမိုကရေစီ ပင်မသပိတ်စစ်ကြောင်း အကြမ်းဖက် ဖြိုခွဲခံရပြီး သာယာဝတီ ထောင်မှာ ဖမ်းဆီးချုပ်နှောင်ခံ ထားရတဲ့ ကျောင်းသားတွေနဲ့ ၀ိုင်းရံသူတွေ ကျန်းမာရေး ပြုစုစောင့်ရှောက်ဖို့ အရေးတကြီး လိုအပ်နေတဲ့ အပြင် ထောင်တွင်းမှာ ကျန်းမာရေးနဲ့ ကိုက်ညီတဲ့ ပတ်ဝန်းကျင်ထားရှိဖို့ AHRC အာရှလူ့အခွင့် အရေးကော်မရှင်က သက်ဆိုင်ရာဌာနနဲ့ အဖွဲ့အသီးသီးကို တိုက်တွန်းလိုက်ပါတယ်။ ထောင်တွင်းက အခြေအနေတွေဟာ အခုအခါ ဆိုးဝါးလာနေတယ်လို့ AHRC ရှေ့နေဦးမင်းလွင်ဦး က ပြောပြပါ တယ်။ လက်ပံတန်းမှာ မတ်လ ၁၀ ရက်က အကြမ်းဖက်ရိုက်နှက်ဖမ်းဆီးတဲ့အတွက် ထိခိုက်ဒဏ်ရာရထားသူတွေ ထိုက်သင့်သလို ဆေးဝါးကုသခံယူခွင့်မရကြဘူး လို့လည်း ဆိုပါတယ်။ ၀ိုင်းရံသူ ကိုတင်ဝင်းနဲ့ ကိုခင်လှိုင်တို့ဟာလည်း ဖမ်းဆီးခံရချိန်က ရိုက်နှက်ခံရတဲ့ ဒဏ်တွေကြောင့် ထိထိရောက်ရောက် ဆေးမကုသခဲ့ရဘဲ နောက်ဆုံးမှ ရန်ကုန်ဆေးရုံကြီး ဦးနှောက်နဲ့ အာရုံကြောဌာနကိုရောက်ရှိ သွားတယ်လို့လည်း ကြေညာချက်မှာ ဖော်ပြပါတယ်။ မတ်လ ၁၀ ရက် အကြမ်းဖက်ဖြိုခွင်းချိန်က ကျောင်းသားနဲ့ ၀န်းရံသူ ၁၀၀ ကျော် ဖမ်းဆီးခံရပြီး တချို့ကို စွဲချက် မတင်ဘဲ ပြန်လွှတ်ပေးပြီး တချို့ကို အာမခံပေးလိုက်ပေမဲ့ ထောင်ထဲမှာ ၇၀ နီးပါး ချုပ်နှောင်ခံထားရတုန်းပဲလို့ လည်း AHRC ကြေငြာချက်မှာ ပါရှိပါတယ်။

ကြေးနီစီမံကိန်း အစီရင်ခံစာ ဒေသခံ များ လက်မခံ

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနဲ့ ပတ်သက်လို့ စုံစမ်းရေးကော်မရှင်ရဲ့ အကြံပြုချက် ၄၂ ချက်မှာ ၃၇ ချက်ကို အကောင်အထည်ဖေါ်ဆောင်ရွက်ပေးခဲ့တယ် လို့ သတ္တုတွင်းဌာန ဒုတိယဝန်ကြီးရဲ့လွှတ်တော်မှာတင်ပြချက် ကို ဒေသခံတွေက လက်မခံနိုင်ဘူးလို့ မနေ့က ပြောပါတယ်။ သိမ်းဆည်းခံမြေယာတွေနဲ့ ပတ်သက်လို့ မူလပိုင်ရှင်တွေကြေနပ်အောင် ဆောင်ရွက်ပေးတာမရှိသလို၊ အာဏာ ပိုင်တွေပြောတဲ့ ၃၇ ချက်ဆောင်ရွက်ပြီးစီး ခဲ့တယ်ဆိုတာ ရှင်းရှင်းလင်းလင်းမသိရလို့ လက်မခံနိုင်တာလို့ ဒေသခံ မဝင်းဝင်းဌေး က RFA ကိုပြောပါတယ်။ ဒါ့အပြင် မနေ့နေ့လည်မှာဘဲ ဆည်တည်းရွာအနားမှာ ဝမ်ပေါင်နဲ့ ဦးပိုင်ကုမ္ပဏီက ခြံစည်းရိုးတိုင်တွေထပ်စိုက်ပြီး သံဆူးကြိုးကာတာကိုကန့်ကွက်ခဲ့တဲ့ ဒေသခံပြည်သူတွေကို ရဲတပ်ဖွဲ့ဝင်တွေက လေးဂွနဲ့ပစ်တဲ့အတွက် ပြည်သူတချို့ ဒဏ်ရာရကြတယ်လို့ မဝင်းဝင်းဌေး ကပြောပါတယ်။ "သပိတ်စခန်းရဲ့ ကိုက် ၅၀ လောက်မှာ သံဆူးကြိုးတွေခတ်တဲ့အပြင်ကို အတွင်းထဲမှာ မြောင်းတွေတူးပြီးတော့ တိုင်တွေစိုက်တာ၊ ဒေသခံတွေမဝင်နိုင်အောင် တိုင်တွေကို သံဆူးကြိုးတွေ ခတ်တာ၊ ဒေသခံတွေက လက်မခံနိုင်တော့ ပြောတာ၊ ပြောလို့မရတော့ ရဲတွေက သူတို့ဖက်ကနေစပြီးတော့ ခဲတွေနဲ့ ပစ်တာ" အာဏာပိုင်နဲ့ ကုမ္ပဏီတွေရဲ့ဖိအားမျိုးစုံကြောင့် ပေးတဲ့လျော်ကြေးလက်ခံပြီး ရွာသစ်ကိုပြောင်းသွားသူတွေမှာ လဲ မြေယာလည်းဆုံး၊ အလုပ်လက်မဲ့ဘဝ လည်း ရောက်နေကြရတယ်လို့ဆိုပါတယ်။

တရုတ် ကွန်မြူနစ်ပါတီ ရှန်ဟိုင်းမြို့ ကော်မတီ အထွေထွေ အတွင်းရေးမှူး ဟန်ကျိမ့် မှ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့နှင့်တွေ့ဆုံ

တရုတ် နိုင်ငံ ကွန်မြူနစ်ပါတီ ဗဟို နိုင်ငံရေး ဗျူရို ကောင်စီဝင် ၊ ရှန်ဟိုင်းမြို့ ကော်မတီ အထွေထွေ အတွင်းရေးမှူး ဟန်ကျိမ့် (Han Zheng) သည် ဇွန်လ ၁၂ ရက်နေ့ ညပိုင်းတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့ ကို တွေ့ဆုံခဲ့သည်။ ဟန်ကျိမ့် မှ ဧည့်သည်တော်များကို ရှန်ဟိုင်း ဖူတုန်း ဖွံ့ဖြိုးရေး ဆောင်ရွက်ရာ ၂၅ နှစ် အတွင်း ရှန်ဟိုင်း မြို့ လူမှု စီးပွားရေး တိုးတက်မှု အခြေအနေ များကို ရှင်းလင်းပြောကြားခဲ့သည်။ ရှန်ဟိုင်းမြို့ ဖွံ့ဖြိုးရေး ဆောင်ရွက်ရာ ၂၅ နှစ် တာ ကာလသည် တရုတ် နိုင်ငံ ပြုပြင်ပြောင်းလဲရေး၏ အကျဉ်းချုပ် ပုံရိပ် တစ်ခု ဖြစ်ကြောင်း ၊ ဒေါ်အောင်ဆန်းစုကြည် ယခုအကြိမ် တရုတ် နိုင်ငံ နှင့် ရှန်ဟိုင်းမြို့သို့ လည်ပတ်ခြင်းဖြင့် တရုတ် နိုင်ငံ ပြုပြင်ပြောင်းလည်းရေး၏ ကြီးမားသော အပြောင်းအလည်း များကို သိရှိမည် ဖြစ်ကြောင်း ၊ တရုတ်-မြန်မာ နှစ်နိုင်ငံ မိတ်ဘက် ပူးပေါင်း ဆက်ဆံရေး ကို လည်း တိုးမြှင့် နိုင်မည် ဖြစ်ကြောင်း ၊ ဟန်ကျိမ့် မှ ဧည့်သည်တော် များ စိတ်ဝင်စား မေးမြန်းခဲ့သည့် တရုတ် ကွန်မြူနစ် ပါတီ၏ ဖွဲ့စည်းပုံ ၊ ရှန်ဟိုင်းမြို့ပြ စီမံကိန်းများ ၊ လူမှု လုပ်ငန်း အာမခံချက်ရေးရာများ နှင့် သက်ကြီးရွယ်အို စောင့်ရှောက်ရေး ဆိုင်ရာ ကိစ္စရပ် များကို ပြောကြားခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် မှ မည်သည့် နိုင်ငံ မဆို မြို့ပြ ဖွံ့ဖြိုးရေး နှင့် လူမှုဘဝ တိုးတက်ရေးသည် ခွဲခြားထား၍ မရကြောင်း ၊ ရှန်ဟိုင်းမြို့ မှ ဤကဲ့တို့ ကြီးမားသော အောင်မြင်မှု ရရှိခဲ့ခြင်းသည် လူမှုဘဝ တိုးတက်ရေး ဆိုင်ရာ ကဏ္ဍတွင်လည်း ကိုယ်ပိုင် အောင်မြင်ရေး အတွေ့အကြုံများ ရှိခဲ့ကြောင်း ၊ ယခု လည်ပတ်ရေး ခရီးစဉ်သည် အချိန် အားဖြင့် တိုတောင်းသော်လည်း တရုတ် နိုင်ငံ၏ အခြေအနေ များစွာကို သိရှိခဲ့ရကြောင်း ၊ တရုတ် ကွန်မြူနစ်ပါတီ၏ အဂတိလိုက်စားမှု တိုက်ဖြတ်ရေး ဆုံးဖြတ်ချက်နှင့် ဆောင်ရွက်ပုံကို လွန်စွာ သဘောကျ မိကြောင်း ၊ မြန်မာ-တရုတ် အိမ်နီးချင်း ချစ်ကြည် ပူးပေါင်း ဆက်ဆံရေးသည် တနေ့တခြား ပိုမို ဖွံ့ဖြိုး တိုးတက်လာမည်ကို ယုံကြည်ကြောင်း ပြောကြားခဲ့သည်။ တွေ့ဆုံပွဲသို့ တရုတ် ကွန်မြူနစ်ပါတီ ပြည်ပ ဆက်သွယ်ရေး ဌာန ဒုတိယ ဥက္ကဌ ချိန်ဖုန့်ရှမ် (Chen Fengxiang) နှင့် ရှန်ဟိုင်းမြို့ ကော်မတီ အမြဲတန်း ကောင်စီဝင် နှင့် ကော်မတီ အတွင်းရေးမှူးချုပ် ရီဟုန် (Yin Hong) တို့တက်ရောက် ခဲ့သည်။

ဟောလိဝုဒ် မင်းသား Matt Dillon ရဲ့ ရိုဟင်ဂျာ အရေး ရှင်းလင်းပွဲ

ကုလသမဂ္ဂရဲ့အဆို ရခိုင်ပြည်နယ်၊ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေထဲမှာ လူသားချင်းစာနာမှု အကူအညီတွေ ဘယ်လောက်အထိ လိုအပ်နေတယ်ဆိုတာ ကမ္ဘာကသိစေချင်တယ်လို့ သိပ်မကြာခင်တုန်းကပဲ ရခိုင်ပြည်နယ်က ဒုက္ခသည်စခန်းတွေထဲကို သွားရောက်ခဲ့တဲ့ အမေရိကန် ဟောလိဝုဒ် မင်းသား Matt Dillon က ပြောပါတယ်။ "ဒီဒုက္ခသည်စခန်းတွေဟာ ပူလောင်ခြောက်သွေ့ပြီး သစ်ပင်ဆိုလို့ တပင်မှ မရှိကြောင်းနဲ့ ရွေးချယ်ခွင့်သာရှိမယ်ဆိုရင် အဲဒီလိုနေရာမျိုးကို ဘယ်သူမှ နေချင်ကြမှာမဟုတ်ကြောင်း၊ ဒုက္ခသည်တွေအတွက် ကျန်းမာရေးဆိုင်ရာ အထောက် အပံ့တွေ အလုံအလောက် မရှိတဲ့အကြောင်း၊ Matt Dillon က ၀ါရှင်တန်မြို့တော်က အမျိုးသားသတင်းထောက်များ အသင်းမှာ ပြောသွားပါတယ်။ ဟောလိဝုဒ် မင်းသား Dillon ဟာ ရခိုင်ပြည်နယ်တွင်း ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေထဲက လူသားချင်း စာနာမှု လိုအပ်နေတဲ့ အခြေအနေတွေကို မီးမှောင်းထိုးပြတဲ့ အနေနဲ့ ဒီလအစောပိုင်းတုန်းကပဲ မြန်မာနိုင်ငံကို သွားရောက်ခဲ့တာပါ။ မြန်မာနိုင်ငံတွင်းဆိုးရွားတဲ့ အခြေအနေတွေကြောင့် ရိုဟင်ဂျာဒုက္ခသည် အများအပြားဟာ ပင်လယ်ထဲမှာ စက်လှေတွေနဲ့ အသက်စွန့် ဖြတ်ကျော်ပြီး အရှေ့တောင်အာရှ အိမ်နီးချင်း နိုင်ငံတွေကို ထွက်ခွာနေကြတယ်လို့ ဆိုပြီး ကုလသမဂ္ဂနဲ့ နိုင်ငံတကာ ကလည်း မြန်မာအစိုးရကို ဝေဖန်ပြောဆိုနေကြပါတယ်။ ဒါပေမဲ့ မြန်မာအစိုးရကတော့ ပင်လယ်တွင်း လှေစီးဒုက္ခသည်တွေ ဟာ နိုင်ငံတကာက ပြောသလို ရိုဟင်ဂျာ ဒုက္ခသည်တွေ မဟုတ်တဲ့အကြောင်း တုံ့ပြန်ထားပြီး မြန်မာ့ ရေပိုင်နက်တွင်းမှာကိုပဲ တွေ့ရှိ ကယ်တင်ခဲ့ရတဲ့ လှေစီးပြေး ၉၀၀ ကျော် ရှိခဲ့တဲ့အကြောင်းနဲ့ သူတို့ကို စိစစ်မှုတွေလုပ်ပြီး မူရင်းထွက်ခွာလာရာ ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ပြန်လည် ပို့ပေးနေတယ်လို့လည်း ပြောဆိုထားပါတယ်။

ကိုးကန့် အပစ်ရပ်မှု တရုတ်ကြိုဆို

MNDAA ကိုးကန့်လက်နက်ကိုင် တပ်ဖွဲ့ကနေ မြန်မာအစိုးရနဲ့ ဖြစ်နေတဲ့ တိုက်ပွဲတွေကို တဖက်သတ် အပစ်ရပ်လိုက်ပြီလို့ ကြေညာလိုက်တဲ့အပေါ် နယ်ချင်းစပ် တရုတ်နိုင်ငံက ကြိုဆိုလိုက်ပြီး၊ ပဋိပက္ခ အဆုံးသတ်ဖို့ နှစ်ဖက် တွေ့ဆုံ စကားပြောကြဖို့ကိုလည်း တိုက်တွန်းလိုက်ပါတယ်။ မြန်မာအစိုးရဖက်ကတော့ ကိုးကန့်တို့ရဲ့ လှုပ်ရှားမှုကို သံသယနဲ့ စောင့်ကြည့်ပြီးမှ၊ ဘာဆက်လုပ်မလဲ ဆုံးဖြတ်မယ်လို့ ပြောနေပါတယ်။ စုံစမ်းမေးမြန်းထားတဲ့ ကိုသားညွန့်ဦး အကြောင်းစုံ ပြောပြမှာပါ။ မြန်မာနိုင်ငံ အရှေ့မြောက်ဖက်ပိုင်း တရုတ်နဲ့နယ်ချင်းစပ်ဒေသမှာဖြစ်နေတဲ့ တိုက်ပွဲတွေကို MNDAA ကိုးကန့်တပ်ဖက်က တဖက်သတ် အပစ်ရပ်လိုက်တယ် ဆိုတဲ့ သိရှိထားပြီး၊ ဒီလုပ်ရပ်အပေါ်မှာ ကြိုဆိုတယ်လို့ တရုတ်နိုင်ငံခြားရေး ဌာနက ပြောလိုက်တာပါ။ ဒီလိုအခြေအနေမှာ ပဋိပက္ခကို အဆုံးသတ်ပြီး ဒေသတွင်း တည်ငြိမ်အေးချမ်းမှုရစေဖို့အတွက် နှစ်ဖက် တွေ့ဆုံ စကားပြောကြဖို့ကိုလည်း တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Hong Lei က ဒီကနေ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားတာပါ။ “ တရုတ်-မြန်မာနယ်စပ်မှာ တည်ငြိမ်အေးချမ်းပြီး ပုံမှန် အခြေ အနေတွေပြန်ရောက်စေ ဖို့နဲ့ ပဋိပက္ခကို လုံးဝ အဆုံးသတ်နိုင် ဖို့ နှစ်ဖက်စလုံးက ထိန်းထိန်းသိမ်းသိမ်း ကိုင်တွယ်ပြီး၊ တွေ့ဆုံ စကားပြောကြမယ်လို့ မျှော်လင့်ပါတယ်။” ကိုးကန့်တပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရတော့ မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲတွေ နီးကပ်လာတာနဲ့အမျှ ကိုးကန့်ဒေသမှာ ရွေးကောက်ပွဲ လုပ်နိုင် ဖို့၊ ပြဿနာကို ပြေပြေလည်လည် ရှင်းနိုင်ဖို့အပြင် နယ်စပ်ဒေသတည်ငြိမ်ရေး တရုတ်နိုင်ငံရဲ့ပြင်းပြတဲ့တောင်းဆိုမှုကြောင့် အခုလို အပစ်ရပ်စဲတာလို့ ဆိုထားပါတယ်။ တရုတ်နိုင်ငံအနေနဲ့ကတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေဖြစ်လာဖို့ အကူအညီပေးသွားမှာဖြစ်တယ်လို့လည်း တရုတ်နိုင်ငံခြားရေး ဌာန ပြောခွင့်ရသူက ပြောပါတယ်။ “ ငြိမ်းချမ်းရေးနဲ့ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်တွေဖြစ်လာဖို့နဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ကနေ မတူကွဲပြားချက်တွေကို ဖြေရှင်းနိုင်ဖို့ တရုတ်နိုင်ငံအနေနဲ့ ထောက်ခံကူညီမှာပါ။ ဒါ့အပြင် တရုတ်မြန်မာနယ်စပ် တလျှောက် တည်ငြိမ်းအေးချမ်းတဲ့ ၀န်းကျင်အခြေအနေ ဖန်တီးထားနိုင်ဖို့လည်း တရုတ်ဖက်က လိုလားပါတယ်။” မြန်မာအစိုးရဖက်ကတော့ ကိုးကန့်ဖက်ကအခုလို တဖက်သတ် အပစ်ရပ်တယ် ဆိုတဲ့အပေါ်မှာ သံသယရှိနေတုန်းပါ။ သူတို့အနေနဲ့ လက်တွေ့မြေပြင် အခြေအနေကို စောင့်ကြည့်ပြီးမှာ အဖြေထုတ်နိုင်မယ်လို့ မြန်မာသမ္မတရုံး ညွန်ကြားရေးမှုး ဦးဇော်ဋ္ဌေးက ပြောပါတယ်။ "သူတို့ရဲ့ကြေညာချက်ထဲမှာ လက်နက်ကိုင်ထားမယ်လို့ ပြောထားတယ်ပေါ့နော်။ သူတို့ မြေပြင်တပ်တွေရဲ့ လှုပ်ရှားမှုရယ် သူတို့ကြေညာချက်ရဲ့အမှန်တကယ် ရည်ရွယ်ချက်ပေါ့နော် ဒါတွေကို ဘယ်လိုလဲဆိုတာ ကျနော်တို့ အခု လောလောဆယ် စောင့်ကြည့်နေတယ်။ အဲ့ဒီ့လို စောင့်ကြည့်ပြီးမှပဲ ကျနော်တို့ လူကြီးတွေ ဆုံးဖြတ်မှာပေါ့။" ကိုသားညွန့်ဦး။ ။ အခုကိစ္စမှာ တရုတ်နိုင်ငံခြားရေးဌာန ကလည်း ပြောလာပြီဆိုတော့ တရုတ်နိုင်ငံရဲ့ ဖိအားပေးမှု တစုံတရာပါတယ်လို့ ယူဆမှုတွေရှိပါတယ်။ ဦးဇော်ဋ္ဌေး ရဲ့ အမြင်ရော ဘယ်လိုရှိပါလဲ။ "အဲ့သူ့ဖော်ပြချက်မှာ ပါပြီးသားဗျ။ တရုတ်နိုင်ငံမှ တရုတ်မြန်မာ နယ်စပ်ဒေသ တည်ငြိမ်ရေး အတွက် ပြင်းပျသည့် တောင်းဆိုမှုဆိုတဲ့ စကားလုံး ပါတယ်ခင်ဗျ အဲ့တာတော့ ကိုးကန့်ကိုယ်တိုင်က ကြေညာချက်မှာ ဖော်ပြထားပြီးသားပဲဖြစ်ပါတယ်။ အဲ့မေးခွန်းက။" ကိုသားညွန့်ဦး။ ။ ဒီကိစ္စနဲ့ ပတ်သက်လို့ ရော တရုတ်နိုင်ငံက သူ့နယ်စပ်ပြဿနာလည်းဖြစ် နယ်စပ်နဲ့လည်း နီးနေတော့ ကိုးကန့်နဲ့ဖြစ်တဲ့ လက်နက်ကိုင်ပြဿနာနဲ့ပတ်သက်လို့ ကြားဝင်လာနိုင်တဲ့အနေအထားမျိုး ရှိလား။ "ကြားဝင်လာနိုင်တဲ့ အနေအထားဆိုတာ ကျနော်တို့အနေနဲ့ အစဉ်တစိုက် ပြော ထားပြီးသားပေါ့နော်။ ဒီသောင်းကျန်းသူ ကိစ္စမှာ တရုတ် အစိုးရအနေနဲ့ ကျနော်တို့နိုင်ငံရဲ့ ပြည်တွင်းရေးပေါ့နော်။ အဲ့တာနဲ့ပတ်သက်ပြီးတော့ ပါဝင် ပတ်သက်ခြင်း မရှိ ဝင်စွက်ဖက်ခြင်းမရှိ ဆိုတဲ့ ပြောကြားချက် အာမခံချက်ကို လက်ခံတယ်။ ယုံကြည်တယ်။ သို့သော် တရုတ်နိုင်ငံ ဒီပြည်တွင်းမှာ အောက်ခြေမှာ ဒီယူနန်ပြည်နယ်ထဲမှာ ဆက်စပ်နေတဲ့ သစ်ရယ်၊ ကျောက်စိမ်းရယ်၊ နောက် အထူးသဖြင့် မူးယစ်ဆေးဝါးပေါ့ အဲ့ကိစ္စတွေမှာ ဆက်နွယ်ပတ်သက်နေတဲ့ အကျိုးစီးပွား သေချာပေါက်ပါနေတယ်ဆိုတာတော့ ဒီဖြစ်စဉ်တွေရဲ့ အနေအထား စစ်ဆင်ရေးအခြေအနေ ဒါတွေကို ကြည့်ပြီး သုံးသပ်နိုင်ပါတယ်။" ကိုးကန့်ထုတ်ပြန်ချက်ထဲမှာပဲ သူတို့အနေနဲ့ တဖက်သတ် စစ်ရပ်စဲတယ်ဆိုပေမယ့်၊ မိမိကိုယ်ကို ကာကွယ်နိုင်တဲ့အခွင့်အရေးကို ဆက်ကိုင်စွဲထားမယ်ဆိုတာကြောင့် လက်နက် ဆက်ကိုင်ထားမယ်ဆိုတဲ့ သဘောတော့ သက်ရောက်ပါတယ်။ ကိုးကန့်ရဲ့အခုလို တဖက်သတ် စစ်ရပ်စဲရေးလုပ်တဲ့အပေါ် ဒါဟာ တရုတ်နိုင်ငံဖက်က ဖိအား အများစု ပါနိုင်တယ်လို့ ယူဆမှုတွေရှိပါတယ်။ မကြာသေးခင်ကတော့ ကရင်ပြည်နယ် လော်ခီးလာမှာလုပ်တဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲတွေရဲ့ ညီလာခံကို တရုတ်နိုင်ငံဖက် ကိုယ်စားလှယ်စေ လွှတ်ပြီး လေ့လာတာမျိုးရှိခဲ့ပါတယ်။ တရုတ်နိုင်ငံ အနေနဲ့ အလားတူ ငြိမ်းချမ်းရေး လုပ်ငန်းမျိုးတွေမှာ တတ်တတ်ကြွကြွ ပါဝင်သွားမယ်လို့လည်း တရုတ်နိုင်ငံခြားရေး ဌာနက ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

နယ်စပ် စစ်ဆေးရေးမှာ မြန်မာမြေထဲ အိန္ဒိယတပ် ဝင်ရောက်မှု မရှိ

အိန္ဒိယစစ်တပ်က မြန်မာ့နယ်နိမိတ်ကို ကျော်လွန်ပြီး နာဂ သူပုန် တွေကို တိုက်ခိုက်ခဲ့တာ မဟုတ်ဘဲအိန္ဒိယ ဘက်ခြမ်းမှာသာ တိုက်ပွဲတွေ ဖြစ်ပွား ခဲ့တာ ဖြစ်တယ်လို့ မြန်မာဆိုင်ရာ အိန္ဒိယ သံအမတ်ကြီးက လာရောက် ရှင်းလင်းပြောဆိုခဲ့တဲ့ အကြောင်း မြန်မာ အစိုးရက ပြောဆိုလိုက်ပါတယ်။ အိန္ဒိယတို့ဘက်က မြန်မာ့အချုပ်အချာ အာဏာပိုင်မှုကို အလေးထား သလို မြန်မာဘက်ကလည်း မြန်မာ့ နယ်နိမိတ်ကို အသုံးပြုပြီး အိန္ဒိယ အစိုးရကို တိုက်ခိုက်နေတာတွေကို ခွင့်ပြုမှာ မဟုတ်ဘူးလို့ လည်း မြန်မာ ဘက်က ပြောဆိုပါတယ်။ နာဂသူပုန် အရေး အိန္ဒိယ မြန်မာ နှစ်နိုင်ငံ ဘယ်လို မူဝါဒနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ရှိလဲ ဆိုတာကိုတော့ မသိင်္ဂီထိုက်က တင်ပြပေးပါမယ်။ အိန္ဒိယ စစ်တပ်နဲ့ နာဂ သူပုန် အဖွဲ့ NSCN-Kaplang တို့ ဒီလ အစပိုင်းမှာ နှစ်ဘက် တို့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီးနောက် အိန္ဒိယ စစ်တပ်က မြန်မာ ဘက်ခြမ်းက နာဂ သူပုန် စခန်းတွေကို အထူးစစ်ဆင်ရေး ဆင်နွှဲခဲ့တယ်လို့အိန္ဒိယ စစ်တပ်က ပြောဆို ခဲ့တာ ဖြစ်ပါတယ်။ မြန်မာ အစိုးရဘက်ကတော့ အိန္ဒိယ စစ်တပ်နဲ့ နာဂ သူပုန်တို့ ဟာ အိန္ဒိယ မြန်မာ နယ်စပ် အိန္ဒိယ ဘက်ခြမ်းက မိုဘိုင်လွတ် ကျေးရွာမှာ ထိတွေ့ခဲ့တာ ဖြစ်ပြီး ဒီရက်ပိုင်းအတွင်းမှာဘဲ မြန်မာဆိုင်ရာ အိန္ဒိယ သံအမတ်ကြီး ကလည်း တိုက်ပွဲ ကိစ္စကို မြန်မာနိုင်ငံခြားရေး ၀န်ကြီးဌာနကို လာရောက် ရှင်းလင်းခဲ့ပြီး ဖြစ်တယ်လို့ သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောပါတယ်။ "အိန္ဒိယသံအမတ်ကြီးက ကျနော်တို့ နိုင်ငံခြားရေးဒုဝန်ကြီး ဦးသန့်ကျော်ကို ၉ရက်နေ့ မနက်မှာ လာတွေ့တယ်။ လာတွေ့ပြီးတော့ အဲ့ဒီ့ဘက်က လုပ်တဲ့ကိစ္စတွေကို လာပြီးရှင်းတယ်။ ရှင်းတဲ့အချိန်မှာ အိန္ဒိယသံအမတ်ကြီးကိုယ်တိုင် Confirm မေးပြီး အတည်ပြု ပြောကြားသွားတာက အဲ့ဒီ့ Operationက အိန္ဒိယနယ်မြေ ပိုင်နက်ထဲမှာ Border line နားမှာရှိတဲ့ အိန္ဒိယနယ်မြေ ပိုင်နက်ထဲမှာပဲ လုပ်ခဲ့ပါတယ် ဆိုပြီး ပြောသွားတယ်။ နောက်တချက်က အိန္ဒိယနိုင်ငံအနေနဲ့ နှစ်နိုင်ငံ နယ်စပ်ဆိုင်ရာ သဘောတူညီ ချက်တွေကို လိုက်နာဆောင်ရွက်လျက်ရှိတယ်။ ရှိပါတယ်ဆိုပြီး အာမခံပြီး ပြော သွားတယ်။ အော် နောက်တချက်က ကျနော်တို့နိုင်ငံရဲ့ တပ်မတော်ပေါ့နော် ။ တပ်မတော် တပ်ရင်းတပ်ဖွဲ့တွေရဲ့ မြေပြင် ကနေပြီးတော့ ပေးပို့ချက်တွေအရ ဒီကိစ္စက ကျနော်တို့ အိန္ဒိယမြန်မာ နယ်စပ် အောင်ဇေယျစခန်းရဲ့ အနောက်ဖက် ဆယ်မိုင်အကွာ မိုဘိုင်ညွန့်..ကျေးရွာဆိုတာ အိန္ဒိယနိုင်ငံဘက်ခြမ်းမှာ ရှိတဲ့ ကျေးရွာမှာ ဖြစ်ပွားခဲ့တယ်ဆိုပြီး အစီရင်ခံချက် သတင်းတွေရတယ်။ " မြန်မာ့ နယ်နိမိတ် အတွင်းမှာ စခန်းချပြီး အိန္ဒိယ အစိုးရကို တိုက်ခိုက်နေတဲ့ နာဂ သူပုန် ကိစ္စဟာ နှစ်နိုင်ငံတို့ကြား မကြာခဏ ဆိုသလို ဆွေးနွေးနေကြတဲ့ အကြောင်းအရာ ဖြစ်ပါတယ်။ သူပုန်တွေဟာ မြန်မာ့ပိုင်နက်မှာ အခြေစိုက်ပြီး အိန္ဒိယကို တိုက်ခိုက်နေတဲ့ သူပုန် စခန်းပေါင်း အနည်းဆုံ ၁၇ ခုတို့ရဲ့ တည်နေရာတွေကို လည်း ထောက်လှမ်းရေး အဖွဲ့တွေက ဖော်ထုတ် ပြော ထားပြီး ဖြစ်တယ်လို့လည်း အိန္ဒိယ သတင်းတွေက ဖော်ပြနေကြပါတယ်။ မြန်မာ သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးကတော့ နှစ်ဘက် နေထိုင်ကြတဲ့ တိုင်းရင်းဒေသခံ တွေကြား ရောထွေးမှု ဖြစ်နိုင်ပါတယ်လို့ ပြောဆိုပါတယ်။ "ကျနော်တို့နိုင်ငံရဲ့ ပိုင်နက်နယ်မြေကို အသုံးချပြီးဖြစ်စေ၊ နောက်တချက် က ခြေကုတ်ယူတာတို့ ဘာတို့ အဲ့လိုမျိုး ဖြစ်စေ အိမ်နီးချင်းနိုင်ငံ မိခင်နိုင်ငံ ကို ပြန်ပြီးတော့ ဒုက္ခပေးတာ၊ အကြမ်းဖက်တိုက်ခိုက်တာ ကျနော်တို့ လုံးဝ လက်ခံမှာ မဟုတ်ဘူး။ အဲ့တာနဲ့ပတ်သက်ပြီးတော့ ဒီလို သူများနိုင်ငံ အိမ်နီးချင်းနိုင်ငံ ကို ပြန်ဒုက္ခပေးတဲ့ အဲ့နိုင်ငံသားတွေ ကျနော်တို့ နိုင်ငံထဲ ရောက်လာတယ် ဆိုရင် ကျနော်တို့က အပြည့်အဝ ယ်ဆိုတဲ့ ပူးပေါင်းဆောင်ရွက်ပြီးတော့ နှိမ်နင်း မယ်ပေါ့နော်။ နှစ်နိုင်ငံ နှိမ်နင်းဆောင်ရွက်သွားမယ်ဆိုတဲ့ မူဝါဒရှိပါတယ်။" သူပုန်တွေကို နှိမ်နင်းဖို့ မြန်မာ အစိုးရနဲ့ အိန္ဒိယ အစိုးရတို့ကြား သတင်း အချက်အလက်တွေ ဖလှယ်ပြီး ပူးပေါင်းဆောင်ရွက်သွားမယ်လို့ လည်းသမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဋ္ဌေးက ပြောပါတယ်။ တချိန်တည်းမှာဘဲ အိန္ဒိယ အမျိုးသား လုံခြုံရေး အကြံပေး Ajit Doval ဟာလည်း မြန်မာနိုင်ငံကို ဒီလ ၁၈ ရက်နေ့မှာ သွားရောက်ဖို့ ရှိပြီး လက်ရှိ အိန္ဒိယ စစ်တပ်နဲ့ တိုက်ပွဲတွေ ဖြစ်နေတဲ့ သူပုန်အဖွဲ့ NSCN- Khaplang ရဲ့ မြန်မာနိုင်ငံတွင်းမှာ ဦးဆောင် လှုပ်ရှားနေသူတွေ ဘယ်သူတွေ ဖြစ်တယ်ဆိုတာကို အဓိက ထား ဆွေးနွေးကြမယ်လို့လည်း အိန္ဒိယ သတင်းတွေက ခန့်မှန်း ရေးသားကြပါတယ်။ သမ္မတရုံးဘက်ကတော့ အိန္ဒိယနဲ့ ဆွေးနွေးမှုတွေ ရှိလာရင် သတင်းထုတ်ပြန် သွားမှာ ဖြစ် တယ်လို့ ပြောဆိုပါတယ်။

ရှန်ဟိုင်း စီးပွားရေးဇုံ ဒေါ်စုလေ့လာ

တရုတ်နိုင်ငံ ကို ရောက်ရှိနေတဲ့ မြန်မာ့ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် ဟာ ဒီကနေ့ မှာ တရုတ်နိုင်ငံရဲ့ ထင်ရှားတဲ့ စီးပွားရေး မြို့တော် ရှန်ဟိုင်းကို သွားရောက် ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တရုတ် ကွန်မြူနစ်ပါတီ၊ အစိုးရ ထိပ်တန်းခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးခဲ့တာဟာဆိုရင် တရုတ်အစိုးရရဲ့ သဘောထား ပျော့ပျောင်းတဲ့ ကိစ္စရပ် အဖြစ်လည်း တရုတ် ပြည်တွင်းမှာ ကျယ်ကျယ်ပြန့်ပြန့် ပြောဆိုဝေဖန်နေကြတာပါ။ သုံးသပ်သူတွေကတော့ အခု ဒေါ်အောင်ဆန်းစုကြည်ကို တရုတ်တို့ ဖိတ်ခေါ်ခဲ့တာဟာ မြန်မာ အစိုးရကို တစုံတရာ ဖိအားပေးလိုတဲ့သဘောဖြစ်တယ်လို့လည်း ပြောဆိုပါတယ်။ မသိင်္ဂီထိုက် စုစည်း တင်ပြပေးထားပါတယ်။ ၅ ရက်ကြာ ခရီးအဖြစ်နဲ့ တရုတ်နိုင်ငံကို ရောက်ရှိနေတဲ့ မြန်မာ့ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ တရုတ်ကွန်မြူနစ်ပါတီ ထိပ်တန်း တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပြီးနောက် သောကြာနေ့မှာတော့ တရုတ် နိုင်ငံရဲ့အဓိက စီးပွားရေး မြို့တော် ရှန်ဟိုင်းကို သွားရောက်နေပါတယ်။ ဒီနောက်မှာတော့ ကူမင်းမြို့ကို သွားမှာ ဖြစ်ပြီး မြန်မာပြည် ကို ပြန်လည် ထွက်ခွာမှာ ဖြစ်တယ်လို့ တရုတ်နိုင်ငံ အခြေစိုက် မြန်မာ့ အရေး လှုပ်ရှားသူ ဒေါက်တာ လှကျော်ဇောက ပြောပါတယ်။ "မနေ့ကပြောတာတော့ ဒေါ်အောင်ဆန်းစုကြည်က ရှမ်ဟိုင်းသွားတယ်ပြောတယ်။ ရှမ်ဟိုင်းမှာ သွားရောက်လေ့လာကြည့်ရှုပြီး မှ ကူမင် ကိုပြန်မယ်။ ကူမင်ကမှ ဗမာပြည် ပြန်မယ်လို့ ကြားပါတယ်။ ဟို ရှမ်ဟိုင်းမှာက ဒီလိုလေ သူက အကောက်ခွန် မဲ့ဒေသတို့ အဲ့မှာ စီးပွားရေးဇုံတို့ ဘာတို့ တော်တော်များများ လုပ်ငန်းကြီးတွေ ဖွင့်လှစ်ထားတာရှိတယ်။ လုပ်ငန်းကွက်ကြီးတွေ ဥပမာ စင်ကာပူက လာဖွင့် ထားတာ၊ ထိုင်ဝမ်က လာဖွင့်ထားတာ၊ ဟောင်ကောင်က လာဖွင့်ထားတာ အဲ့တာကြီးတွေရှိတယ်။ တခြားနိုင်ငံတကာက လာတဲ့ ဧည့်သည်တွေလည်း ရှမ်ဟိုင်းကို အဲ့ဒီ့အကောက်ခွန်မဲ့ဒေသကြီး တွေကို သွား၊ သွားလေ့လာတာရှိတယ်။ အဲ့ဒီ့အတိုင်းပဲ သွားတာနဲ့တူပါတယ်။" အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီနဲ့ တရုတ် ကွန်မြူနစ်ပါတီကြား ဆက်ဆံရေး တိုးမြှင့်နိုင်ဖို့ ဖိတ်ခေါ်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရုတ် ခရီးစဉ် မှာ တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီရဲ့ အထွေထွေ အတွင်းရေးမှူး ဖြစ်သူ တရုတ် သမ္မတ ရှီကျင့်ဖိန်၊ နိုင်ငံတော် ကောင်စီဝင် ရန်ကျဲ့ချီ၊ ကွန်မြူနစ် ပါတီရဲ့ နိုင်ငံတကာ ဆက်ဆံရေး အကြီးအကဲ ၊ တရုတ်နိုင်ငံလုံးဆိုင်ရာ အမျိုးသမီး အဖွဲ့ရဲ့ အကြီးအကဲ တို့နဲ့လည်း တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။ ပထမဆုံး တရုတ်ပြည် ခရီးစဉ် အတွင်း ဒေါ်အောင်ဆန်းစုကြည်ဟာ ဗုဒ္ဓစွယ်တော် ကိန်းဝပ်တော်မူရာ Lingguang ကျောင်းတော်ကိုလည်း သွားရောက် ဖူးမြော် ခဲ့ပါတယ်။အခု မြန်မာ့ အတိုက်အခံ ခေါင်းဆောင်ကို ဖိတ်ခေါ်ခဲ့တာဟာ မြန်မာ အစိုးရကို ဖိအားပေးချင်တဲ့သဘောလည်း တွေ့ရတယ်လို့ မြန်မာ့အရေး သုံးသပ်သူ ဒေါက်တာ လှကျော်ဇောက ရှုမြင်ပါတယ်။ "တရုတ်အစိုးရဘက်က ကျမကြည့်နေတာတော့ သူက အခု ဦးသိန်းစိန် အစိုးရ လုပ်ပုံကိုင်ပုံတွေကို ပေါ့နော် အဲ့ဒီ့နယ်စပ်ကိစ္စဖြေရှင်းတာတွေ ဘာတွေအပေါ်မှာ သူတို့ အတော် မအီမသာ ဖြစ်ပုံရတယ်။ အဲ့ဒီ့အတွက် ဗမာအစိုးရကို နိုင်ငံရေး အရရော စစ်ရေးအရရော ဖိအားပေးချင်နေပုံရပါတယ်။ ဒါကြောင့်မို့လို့ နိုင်ငံရေးအရ ဖိအားပေးတဲ့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ရုံမက အခုလို အဆင့်မြင့်မြင့် ကြိုဆိုဧည့်ခံတာတွေ လုပ်တာပါ။ နောက်စစ်ရေးအရလည်း ခင်ဗျားတို့လည်း ကြားမှာပဲ တရုတ်နယ်စပ်တလျောက် စစ်ရေးလေ့ကျင့်မှုတွေကို တော်တော်ကို ရက်ရှည် ဆက်လက်လုပ်ဆောင်နေတာတွေကို တွေ့ရတယ်။ အဲ့တော့ တရုတ်ဘက်ကလည်း ဗမာအစိုးရ ဦးသိန်းစိန်အစိုးရကို နည်းနည်းပါးပါး ဖိအာားပေးချင်တဲ့ လက္ခဏာရှိပါတယ်။" တရုတ်ပြည်သူတွေကြားမှာတော့ အရင်တုန်းကနိုလ်ဘဲလ် ငြိမ်းချမ်းရေး ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ဟာ အနောက်နိုင်ငံတွေဘက်ကို ယိမ်းတဲ့ နိုင်ငံရေး ခေါင်းဆောင် တယောက် အဖြစ် ရှုမြင်ထားခဲ့ပေမယ့် အခု နောက်ပိုင်း မှာတော့ ဒေါ်အောင်ဆန်းစုကြည်ဘက်က ပြောဆိုလာတဲ့ တရုတ် အပေါ် ထားတဲ့ သဘောထား ပျော့ပြောင်းတာကို တွေ့လာရပြီးနောက်ပိုင်း အတော်လေး နှစ်သက်လက်ခံကြတယ်လို့လည်း ဒေါက်တာ လှကျော်ဇောက ပြောပါတယ်။ ကြာသပတေးနေ့ တရုတ်သမ္မတနဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ တွေ့ဆုံခဲ့တာမှာ လည်း ဒေါ်အောင်ဆန်းစုကြည်က အိမ်နီးချင်းတွေ ဖြစ်ကြတဲ့မြန်မာနဲ့ တရုတ် အကြား ဆက်ဆံရေး တိုးတက်လိုတဲ့ ပါတီရဲ့ သဘောထားကို ပွင့်ပွင့် လင်းလင်း ပြောခဲ့ တာလည်း ဖြစ်ပါတယ်။ တရုတ်တို့ အနေနဲ့ နိုင်ငံတကာ အစိုးရ ခေါင်းဆောင်တွေကိုသာမက အလားအလာ ကောင်းတဲ့ အတိုက် အခံ ခေါင်းဆောင်တွေကို ဖိတ်ကြား တွေ့ဆုံမှုတွေကတော့ အစဉ်အလာ တခု ဖြစ်ပါတယ်။ ဒါပေမယ့်လည်း မြန်မာအစိုးရနဲ့ တရုတ် အစိုးရ အကြား ဖွံ့ဖြိုးရေး စီမံကိန်းတွေနဲ့ ပတ်သက်လို့ အဖုအထစ်တွေ ရှိနေချိန်၊ အထူးသဖြင့် မြန်မာ အစိုးရက တရုတ် နယ်စပ်မှာ ထိုးစစ်ဆင်နေချိန်နဲ့ ကျင်းပမယ်လို့ ပြောဆို ထားတဲ့ ရွေးကောက် ပွဲ နီးလာချိန်မှာ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ကို ဖိတ်ခေါ်ခဲ့တဲ့ အပေါ်မှာတော့ နိုင်ငံတကာကရော ပြည်တွင်း နိုင်ငံရေး အသိုင်းအ၀ိုင်းအတွင်းမှာပါ စိတ်ဝင်စားနေကြတာ ဖြစ်ပါတယ်။

ဖမ်းဆီးခံ ကျောင်းသားတချို့ ကျန်းမာရေး ဆိုးရွား

အကျဉ်းထောင်တွေမှာ ထိန်းသိမ်း ခံထားရတဲ့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေ နဲ့ နိုင်ငံရေးအကျဉ်းသား တချို့ ရဲ့ ကျန်းမာရေး အခြေအနေဟာ အခုရက်ပိုင်း အတွင်း သိသိ သာသာ ဆိုးရွားလာနေတဲ့ အတွက် ဆေးကုသ ပေးဖို့ ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် ဗကသ အပါအဝင် နိုင်ငံရေး အကျဉ်းသား တွေကို ကူညီ နေတဲ့ အဖွဲ့တွေက အစိုးရနဲ့ သက်ဆိုင်ရာ အာဏာပိုင်တွေကို တိုက်တွန်းနေပါတယ်။ ကျန်းမာရေး အခြေ အနေကြောင့် အရေးပေါ် ဆေးရုံတင်ရ သူတွေ ရှိနေပါတယ်။ လက်ပံတန်း ကျောင်းသားသပိတ် အကြမ်းဖက်ဖြိုခွဲပြီး ဖမ်းခံထားရသူတွေ ထဲက ကိုခင်လှိုင်ဟာ ဇွန်လ ၉ ရက်နေ့ ရုံးထုတ်တုန်းက သွေးအန်ပြီး ရန်ကုန်ဆေးရုံကို အရေးပေါ်တင်ခဲ့ရ သလို ကိုတင်ဝင်းဆိုသူ ဟာလည်း ဇွန်လ ၂ ရက်နေ့က အရေးပေါ် ခွဲစိတ် ကုသခံခဲ့ရ ပါတယ်။ သာယာဝတီထောင် ထဲက ကျောင်းသား ခေါင်းဆောင် တစ်ယောက်ဖြစ်တဲ့ ကိုမင်းသွေးသစ်ကတော့ ဖမ်းဆီးတုန်းက ရိုက်နှက်ထားတဲ့ ဒဏ်ရာ တွေကြောင့် ရာသီဥတု အေးတဲ့အခါ နာကျင်ကိုက်ခဲမှုကို အပြင်း အထန် ခံစားနေရတယ်လို့ သူ့မိခင်က ပြေပါတယ်။ ဇွန်လ ၁၁ ရက် ကြာသပတေးနေ့ကလည်း ကိုမင်းသွေးသစ် မူးလဲတယ် ဆိုလို့ သူ့မိခင် ဒေါ်ခင်ခင်ယုက အရေးပေါ် ထောင်ဝင်စာ သွားခဲ့တယ်လို့ ပြောပါတယ်။ သာယာဝတီ ထောင်ထဲမှာ ထိန်းသိမ်းခံ ထားရတဲ့ ကိုမင်းသွေးသစ် အပါအဝင်၊ မဟန်နီဦး၊ မခိုင်မာငြိမ်းနဲ့ မဟန်နီဦး စတဲ့ ဗကသ ကျောင်းသူ တွေလည်း ဆေးကုသမှုတွေ လိုအပ် နေတယ်လို့ ဒေါ်ခင်ခင်ယုပြောပါတယ်။ ဗကသ ကျောင်းသားတွေထဲက အတော်များများ အတွင်း ဒဏ်ရာရထားတာ တွေကို အမြန်ဆုံး ဆေးကုသပေးဖို့ ဗကသ က တောင်းဆိုပါတယ်။ ကြာရှည် ဆေးကုသမှု မရရင် မလိုလားအပ်တဲ့ ဆိုးကျိုးတွေ ထပ်ဖြစ်လာရင် အစိုးရနဲ့ လွှတ်တော်မှာ တာဝန်ရှိတယ်လို့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ အလားတူပဲ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း အေအေ ပီပီကလည်း သာယာဝတီ ထောင်က ကျောင်းသားတွေအပြင် တခြားထောင်တွေမှာ အကျဉ်းကျနေကြတဲ့ ကျန်းမာရေး မကောင်းတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို စစ်ဆေး ကုသပေးဖို့တောင်းဆိုထားပါတယ်။ လက်ရှိ အကျဉ်းသားတွေ ရင်ဆိုင်နေရတဲ့ အခြေအနေဟာ အရင် စစ်အစိုးရ လက်ထက်ကပုံစံနဲ့ ထပ်တူနီးပါးဖြစ်နေတဲ့အကြောင်း အေအေပီပီ တွဲဘက်အတွင်းရေးမှူး ကိုဘိုကြည်က ပြောပါတယ်။ ထောင်တွင်းမှာ ရင်ဆိုင်နေရတဲ့ ကျန်းမာရေး အခြေ အနေဟာ တကယ်ပဲ နိုင်ငံရေးအကျဉ်းသား ကူညီရေးအဖွဲ့တွေနဲ့ မိသားစုဝင်တွေပြောသလို ဖြစ်နေသလားဆိုတာ ထောင်အာဏာပိုင်တွေ ဘက်က တုံ့ပြန်မှု ရအောင် ကြိုးစားခဲ့ပေမဲ့ မရခဲ့ပါဘူး။

ဒေါ်လာဈေး မတည်ငြိမ်မှုနှင့် အတူ စက်သုံးဆီ ဈေးနှုန်းများ မြင့်တက်နေ

ယခုရက်ပိုင်းအတွင်း ဒေါ်လာ ဈေးမြင့်တက်မှုများ ရှိလာခဲ့ခြင်း၏ နောက်ဆက်တွဲအဖြစ် စက်သုံးဆီ ဈေးနှုန်းများလည်း မြင့်တက်မှုများ ရှိလာခဲ့ကြောင်း ဇွန် ၁၁ ရက်က နေပြည်တော်ရှိ စွမ်းအင်ဝန်ကြီးဌာန၌ ကျင်းပသည့် သတင်းထုတ်ပြန်ခြင်း အခမ်းအနားမှ သိရသည်။ စက်သုံးဆီဆိုင်များတွင် ဓာတ်ဆီ ဈေးနှုန်းသည် ယခင်က တစ်လီတာ လျှင် ငွေကျပ် ၆ဝဝ ဝန်းကျင်သာရှိခဲ့ရာ မှ လက်ရှိတွင် အမေရိကန်ဒေါ်လာဈေး တက်လာခြင်းကြောင့် ဓာတ်ဆီ တစ်လီတာလျှင် ငွေကျပ် ၇၄ဝ အထိ ရှိလာခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် စွမ်းအင်ဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် ၂ဝ၁ဝ ခုနှစ်မှစတင်ကာ စက်သုံးဆီ ဖြန့်ဖြူးရောင်းချခွင့် လိုင်စင်များကို ခွင့်ပြုပေးခဲ့ရာ ယခုနှစ် ဇွန် ၃ ရက် အထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စက်သုံးဆီ ဖြန့်ဖြူးရောင်းချခွင့်လိုင်စင် ရယူ၍ လုပ်ငန်းလုပ်ကိုင်နေသည့် ပုဂ္ဂလိက စက်သုံးဆီအရောင်းဆိုင် ၁၅၂၂ ဆိုင်၊ ပုဂ္ဂလိကစက်သုံးဆီ သိုလှောင်ဖြန့်ဖြူးရေးစခန်းခြောက်ခု၊ ရေယာဉ်များသို့ စက်သုံးဆီတိုက်ရိုက် ဖြန့်ဖြူးရောင်းချခွင့် လိုင်စင်အား ရေယာဉ် ၁၆ စင်းနှင့် လေယာဉ်ဆီ ဖြန့်ဖြူးရောင်းချခွင့်လိုင်စင်တစ်ခုတို့ကို ခွင့်ပြုပေးထားပြီးဖြစ်ကြောင်း သိရသည်။ ထိုသို့ ခွင့်ပြုပေးထားသော်လည်း ပုဂ္ဂလိက အရောင်းဆိုင်များတွင် ရောင်းချနေသော စက်သုံးဆီများအား စက်သုံးဆီအရည်အသွေးနှင့် အခြင် အတွယ် မှန်ကန်စေရေးအတွက် စစ်ဆေးအရေးယူဆောင်ရွက်လျက် ရှိပြီး ကလေးမြို့တွင် စက်သုံးဆီ အရောင်းဆိုင် မီးလောင်မှုကြောင့် ရောင်းချခွင့်လိုင်စင် ခြောက်လပိတ် သိမ်းခြင်း၊ ဘုရားကြီးမြို့နယ်အတွင်း ရှိ စက်သုံးဆီအရောင်းဆိုင်အခြင် အတွယ်မပြည့်မီခြင်းကြောင့် ရောင်းချ ခွင့်လိုင်စင် ပထမအကြိမ်တစ်လ၊ ထပ်မံစစ်ဆေးတွေ့ရှိသည့်အတွက် ဒုတိယအကြိမ် သုံးလပိတ်သိမ်းခြင်း၊ ၂ဝ လီတာစံခွက် သို့မဟုတ် လေးဂါလန် စံခွက်များမထားရှိသည့် စက်သုံးဆီအရောင်းဆိုင်လေးဆိုင်ကို သတိပေး အရေးယူခြင်းများ အပါအဝင် စက်သုံးဆီ ဖြန့်ဖြူးရောင်းချခွင့်လိုင်စင် ခွင့်ပြုမိန့်မရရှိသေးသည့် စက်သုံးဆီ အရောင်းဆိုင်များ ဖွင့်လှစ်ရောင်းချမှုမရှိစေရေးအတွက် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ရေနံထွက်ပစ္စည်းများ တင်သွင်းသို လှောင် သယ်ယူချက်လုပ်ဖြန့်ဖြူး ရောင်းချခြင်းလုပ်ငန်းများ ထိန်းသိမ်း ကြီးကြပ်ရေး ဆပ်ကော်မတီနှင့် ညှိနှိုင်းကာ အရေးယူဆောင်ရွက်လျက် ရှိကြောင်း သိရသည်။ ဒေါ်လာဈေးမတည်ငြိမ်မှုနှင့်အတူ စက်သုံးဆီ ဈေးနှုန်းများလည်း မြင့်တက်လျက်ရှိရာတွင် ဇွန် ၁ ရက်မှ ၅ ရက်အထိ ဆိပ်ကမ်းအရောက် စက်သုံးဆီတစ်လီတာ တန်ဖိုး (ဥပမာ-အောက်တိန်း ၉၂) ငွေကျပ် ၇၂ဝ ရှိခဲ့ကြောင်း၊ သို့ရာတွင် ဆိပ်ကမ်း မှ သက်ဆိုင်ရာအရောင်းဆိုင်များ အရောက်ဆိုလျှင် သယ်ယူစရိတ်မပါ တွက်ချက်ပါက ငွေကျပ် ၇၉ဝ အထိ ကုန်ကျကြောင်း၊ သို့သော် ဝယ်ယူ သုံးစွဲသူများအတွက် သင့်တင့်သော ဈေးနှုန်းဖြစ်စေရန် စက်သုံးဆီ အရောင်းဆိုင်များနှင့် ညှိနှိုင်းကာ ငွေကျပ် ၇၉ဝ အထိ ရောင်းချခြင်း မရှိခဲ့ကြောင်း၊ ဆိပ်ကမ်းအရောက် တစ်လီတာ တန်ဖိုးနှင့် လက်လီ အရောင်းဆိုင်များ၏ တစ်လီတာ တန်ဖိုးသည်လည်း ၁ဝ ကျပ်၊ ၁၅ ကျပ်မျှသာကွာဟကြောင်းနှင့် ဒေါ်လာ ဈေး အတက်အကျအပေါ်မူတည်ကာ စက်သုံးဆီဈေးနှုန်းသည်လည်း အတက် အကျ ဖြစ်ပေါ်ခဲ့ကြောင်း မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းဖြန့်ဖြူးရောင်းချ ရေးအသင်းရုံးအဖွဲ့မှူး ဦးဝင်းနိုင်က ပြောကြားခဲ့သည်။

ဒေါ်လာဈေးကိုင်တွယ်ရေး အရေးပေါ်အစည်းအဝေးမှာ အဖြေမထွက်

အမေရိကန် ဒေါ်လာ နဲ့ လဲလှယ် ရာ မှာ မြန်မာ ငွေ တန်ဖိုး ကျဆင်း နေ ရတဲ့ အခြေ အနေ ကို ကိုင် တွယ် ဖို့ ဇွန် လ ၁၂ ရက် မနေ့ က နေပြည် တော် မှာ ဗဟို ဘဏ် နဲ့ အတူ အစိုးရ ဝန်ကြီး တွေ ၊ ပုဂ္ဂလိ က ဘဏ် တွေ နဲ့ စီးပွားရေး လုပ် ငန်း ရှင် တွေ အရေး ပေါ် စည်းဝေး ခဲ့ ကြ ကြ ပေမယ့် တိတိ ကျကျ အဖြေ မထွက် ခဲ့ ကြ ပါဘူး။ နိုင်ငံပိုင် ဒေါ်လာ တွေ ကို ပုဂ္ဂလိက ဘဏ်တွေ ကနေ တဆင့် မဟုတ်ပဲ ဗဟိုဘဏ် ကနေ တိုက်ရိုက် ရောင်းချ ပေး ဖို့ ကုန်သည် တွေ ဘက် က အစိုးရ ကို အကူအညီ တောင်း ခဲ့တယ် ဆိုပြီး မြန်မာ နိုင်ငံ စက်သုံးဆီ တင်ပို့ ရောင်းချသ များ အသင်း အတွင်းရေးမှူး ဒေါက်တာ ဝင်းမြင့် က ဘီဘီစီ ကို ပြောပါတယ်။ ကုန်သည် တွေ လို အပ် သမျှ ဒေါ်လာ ငွေ တွေ ကို ဗဟို ဘဏ် ကနေ ထုတ်ရောင်း ပေး နေဖို့ အခက် အခဲ ရှိ တယ် လို့ အမျိုးသား စီမံကိန်း ဝန်ကြီး က အစည်းအဝေး မှာ ပြောခဲ့တယ် ဆိုပြီးတော့ လည်း အဲဒီ့ အစည်းအဝေး မှာ ကိုယ်တိုင် ရှိနေခဲ့တဲ့ မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် တွဲဖက် အတွင်းရေးမှူး ကိုနေ လင်းဇင် က ဆိုပါတယ်။ ဒေါ်လာတွေ ဈေးကွက်ထဲ ပိုရောက်လာ နိုင်ရေး အမြန်ဆုံး လုပ်ဆောင် ကြဖို့ရာ သမ္မတ ရုံး ဝန်ကြီး ဦးစိုးသိန်းက တိုက်တွန်း ခဲ့ပါတယ်။ စီမံကိန်း လုပ်ငန်း တွေ အတွက် ပြည်ပ နိုင်ငံ က ချေးငွေ တွေ ခွင့်ပြု ပေးထားတဲ့ နိုင်ငံခြား ဘဏ် တွေ အမြန်ဆုံး ဖွင့်လှစ်ဖို့ လည်း ဦးစိုးသိန်း က ပြောသွား ခဲ့ပါတယ်။ ဒါ့အပြင် CB ဘဏ် နဲ့ ကမ္ဘောဇဘဏ် တို့ က ပြည်ပမှာ ရှိတဲ့သူတို့ မိတ်ဆွေ ဘဏ်တွေ မှာ ထည့်ထားတဲ့ အမေရိကန် ဒေါ်လာ သန်း ၇၀ဝ ကျော်ထဲက တချို့ ကို ပြည်တွင်း ဈေးကွက်ထဲ ရောင်းချပေးမယ် လို့ ပြော ခဲ့ ပါတယ်။ မြန်မာ့ ရှေ့ဆောင်ဘဏ် က လည်း အခုလို ဒေါ်လာဈေး အကြပ်အတည်း မှာ အစိုးရ က ကြား ဝင် ဖြေရှင်း ပေးဖို့ နဲ့ ငွေကြေး မှောင်ခို ဈေးကွက် တွေ ကို ကိုင်တွယ် ပေး ဖို့လည်း အစိုးရ ကို တိုက် တွန်း ခဲ့ ပါတယ်။ အဲဒီ့ အရေး ပေါ် အစည်း အဝေး မှာ တိတိကျကျ ရလာဒ် တွေ မရ ခဲ့တဲ့ အတွက် နောက် တစ်ရက် ဇွန်လ ၁၃ ရက် နေ့ မှာ လည်း စီးပွားရေး လုပ်ငန်းရှင်တွေ နဲ့ အစိုးရ တာဝန် ရှိသူတွေ ဟာ ရန်ကုန် မှာ ဆက်လက် ဆွေးနွေးသွား ဖို့ ရှိ ပါတယ်။ အခု လို အစည်းအဝေး ခေါ် ယူ နေ ချိန် မှာပဲ ဒေါ်လာဈေး ကတော့ သောကြာနေ့ မှာ တစ်ဒေါ်လာ ကို ၁၂၃၀ ကနေ ၁၂၀ဝ ဝန်းကျင် ထိ ဈေး အနည်းငယ် ကျလာ ခဲ့ ပါတယ်။