Popular Posts

Friday, June 19, 2015

အမေရိကန်မှာ သေနတ်ကိုင်မှု ပြန်သုံးသပ်ဖို့ တိုက်တွန်း

အမေရိကန်နိုင်ငံ South Carolina ပြည်နယ် Charleston မြို့က အာဖရိကန် အမေရိကန် ခရစ်ယာန် ဘုရားကျောင်းတခုမှာ လူ ၉ ဦး သေနတ်နဲ့ ပစ်သတ်ခံခဲ့ရအပြီးမှာ ဒီမိုကရက်တစ် ပါတီဝင် သမ္မတလောင်း Hillary Clintonက အမေရိကန် နိုင်ငံအနေနဲ့ သေနတ်ကိစ္စ၊ လူမျိုးရေး ကိစ္စတွေနဲ့ ပတ်သက်လို့ လက်ခံဖို့ ခက်တဲ့ အမှန်တရားတွေကို ရင်ဆိုင်ဖို့ လိုတယ်လို့ ထုတ်ဖော် ပြောကြားလိုက်ပါတယ်။ အဲဒီ တိုက်ခိုက်မှုကို ကျူးလွန်ခဲ့သူအဖြစ် သံသယရှိသူ အသက်၂၁ နှစ်အရွယ် လူဖြူလူငယ် Dylann Roof ကို ရဲက ဖမ်းဆီးခဲ့အပြီး Charleston မြို့ကို ပြန်ခေါ်ဆောင်လာပြီ ဖြစ်ပါတယ်။ သူဟာ သမ္မာကျမ်းစာ လေ့လာနေတဲ့လူအုပ်ကြီးကို မပစ်ခတ်မီ အဲဒီ သင်တန်းကို တနာရီလောက် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။ ပစ်ခတ်မှုအတွင်း အမျိုးသမီး ၆ယောက် သင်းအုပ်ဆရာအပါအဝင် အမျိုးသား ၃ ယောက် သေဆုံးပါတယ်။ သမ္မတအိုဘားမားက အခုသေဆုံးတဲ့ သင်းအုပ်ဆရာ အပါအဝင် အီမယ်နွယ် အေအမ်အီး ဘုရားကျောင်းက လူအတော်များများကို သူနဲ့သမ္မတ ကတော်တို့ သိကြောင်း၊ ဒီဘုရားကျောင်းဟာ ချယ်လ်စတန် သမိုင်းမှာ မြင့်မြတ်တဲ့နေရာ ဖြစ်ပြီး ဒီလူ့အဖွဲ့အစည်းအနေနဲ့ ပြန်လည် နလံထူလာမယ်လို့ ယုံကြည်ကြောင်း သမ္မတက ပြောပါတယ်။ ဒါ့အပြင် အခုလိုအစုလိုက် အပြုံလိုက် အကြမ်းဖက် သတ်ဖြတ်တာ တိုးတက်တဲ့အခြား နိုင်ငံတွေမှာ မဖြစ်သလို အမေရိကန်မှာသာ မကြာခဏ ဖြစ်တယ်ဆိုတာ လက်ခံ အသိအမှတ်ပြုဖို့ လိုသလို သေနတ်အလွယ်တကူရလို့ အပြစ်မဲ့သူတွေ အသတ်ခံရတာကို အားလုံး တခုခုလုပ်မှ ဖြစ်တော့မယ်လို့ သမ္မတ အိုဘားမားက ရုပ်မြင်သံကြားကနေ ပြောကြားသွားပါတယ်။ အခုတိုက်ခိုက်မှုကို မုန်းတီးမှုကြောင့် ဖြစ်တဲ့ရာဇဝတ်မှုလို့ ရဲက ပြောလိုက်ပြီး အမေရိကန် တရားရေးဌာနက လူမျိုးရေးမုန်းတီးမှုနဲ့ဆိုင်တဲ့ ပြစ်မှုအနေနဲ့ စုံစမ်းဖေါ်ထုတ်သွားမယ်လို့ ပြောကြားသွားပါတယ်။

No comments:

Post a Comment