Popular Posts

Friday, June 12, 2015

လူမှောင်ခိုလှေကို ငွေပေးတယ်ဆိုတဲ့ စွပ်စွဲချက် သြစတေးလျှ ၀န်ကြီးချုပ် လက်မခံ

လှေစီးပြေးတွေကို တင်လာတဲ့ လူမှောင်ခို စက်လှေတစ်စီးကို သြစတေးလျှ ရေတပ်သင်္ဘောက ငွေပေးပြီး အင်ဒိုနီးရှားနိုင်ငံကို ပြန်လှည့်ခိုင်းတယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတဲ့အပေါ် သြစတေးလျှ ၀န်ကြီးချုပ် Tony Abbott က ငြင်းဆိုလိုက်ပါတယ်။ ဒါပေမယ့် ၀န်ကြီးချုပ်က ခိုလှုံခွင့်တောင်းခံမယ့် လှေစီးပြေး လှေတွေ သြစတေးလျှကို မရောက်လာအောင် တားမြစ်နိုင်ဖို့ ကိုင်တွယ် ဖြေရှင်းမှုတွေတော့ ရှိခဲ့တယ်လို့ ဆိုပါတယ်။ အခုလို လှေစီးပြေးတွေကို ငွေပေးတယ်ဆိုတဲ့ စွပ်စွဲချက်ကို သြစတေးလျှ လူဝင်မှုကြီးကြပ်ရေးနဲ့ နိုင်ငံခြားရေး ၀န်ကြီးဌာနတွေကလည်း ငြင်းဆိုခဲ့ပါတယ်။ အင်ဒိုနီးရှား နိုင်ငံခြားရေး ၀န်ကြီးဌာနကတော့ အထူး စိုးရိမ်မိကြောင်း ပြောဆိုခဲ့ပါတယ်။ အင်ဒိုနီးရှားနိုင်ငံ အရှေ့ဘက် Nusa Tenggara ပြည်နယ်က ရဲတွေကတော့ စက်လှေတစီးက စက်လှေမောင်းသူနဲ့ အဖွဲ့ကို လူမှောင်ခိုမှုနဲ့ မေလကုန်ပိုင်းမှာ ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။ ဘင်္ဂလာဒေ့ရှ်၊ မြန်မာနဲ့ သီရိလင်္ကာနိုင်ငံတို့က ထွက်ပြေးလာတဲ့ လှေစီးပြေး ရွှေ့ပြောင်းလာသူတွေကတော့ သူတို့တွေ နယူးဇီလန်အသွား လမ်းမှာ သြစတေးလျှ ရေတပ်သင်္ဘော တစီးက ကြားဖြတ်ပြီး သင်္ဘောပေါ်ပါ လူဝင်မှုကြီးကြပ်ရေးအရာရှိက သူတို့ တစ်ယောက်ချင်းကို သြစတေးလျှ ဒေါ်လာ ၅ ထောင်စီပေးပြီး အင်ဒိုနီးရှားကို ပြန်လှည့်ခိုင်းခဲ့တယ်လို့ ရဲအရာရှိတွေကို ပြောဆိုခဲ့ပါတယ်။ အင်ဒိုနီးရှား ဒေသခံ ရဲအရာရှိ အကြီးအကဲဖြစ်သူကတော့ သူကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ ပိုက်ဆံတွေကို တွေ့မြင်ခဲ့ရတာပါလို့ အေအက်ဖ်ပီ ကို ပြောကြားခဲ့ပါတယ်။

No comments:

Post a Comment